ရှမ်းပြည် ကားလမ်း လျော်ကြေးမပေးသေး


2016.07.13
gyoketwin-road-620.jpg ရှမ်းပြည်မြောက်ပိုင်းက ဂုတ်တွင်းလမ်းကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်အစိုးရက ရက်တစ်ရာ စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချို မြို့ရှောင်လမ်းနဲ့ဂုတ်တွင်း လေးလမ်းသွားလုပ်ငန်းစီမံကိန်းမှာ ဒေသခံတွေရဲ့လယ်မြေတွေပါ နေတဲ့ အတွက် တောင်သူတွေက လျော်ကြေးလိုချင်နေကြပါတယ်။

မြေယာလျော်ကြေးနဲ့ သီးနှံလျော်ကြေးတွေကို ပေးဖို့အတွက် သတ်မှတ်ထားပေးပေမယ့် ခုချိန်ထိ လာရောက်ဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ ကျောက်မဲမြို့ နောင်ပိန်ကျေးရွာက ကိုတူးက ပြောပါတယ်။

"သူတို့သတ်မှတ်ထားတာက  ကြံစိုက်တောင်သူကို ကြံတစ်ဧကကို ၃၆ တန်ပေါ့၊ တစ်တန်ကို ငါးသောင်းနှုန်းနဲ့  သုံးနှစ်စာ လျော်ကြေးပေးပါမယ်တဲ့၊ ပြောင်းက တစ်ဧကကို ပိဿ နှစ်ထောင်  တစ်ပိဿကို ၄၅ဝ နှုန်း သုံးနှစ်စာ လျော်ကြေးပေးမယ်လို့ ပြောတယ်၊  မြေယာလျော်ကြေးအနေနဲ့တော့ တစ်ဧကို ၂ဝဝ လို့ သူတို့ က နောင်ချိုဘက်က  သတ်မှတ်တဲ့အတိုင်းပေးမယ်ပြောတယ်၊ ကျနော်တို့ဘက်က တောင်သူတွေက ၂၅ဝ ပေး ဖို့  တောင်းဆိုထားပါတယ်၊ နောင်ချိုမြို့နယ်ဘက်အခြမ်းမှာတော့ သူတို့  ဆွေးနွေးညှိနှိုင်းသွားပြီ၊ အဲ့မှာ ဌာန ဆိုင်ရာ အချို့ပါတယ်၊  အာဏာပိုင်အဖွဲ့အစည်းပါတယ်၊ ကုမ္ပဏီကပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါတယ်၊  တောင်သူ ၂ဝဝ လောက်နဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ပြီး မြေယာလျော်ကြေးကိစ္စတွေကို  သူတို့စကားပြော တယ်၊ ကျနော်တို့ဆီမှာတော့ ကုမ္ပဏီကလည်း တစ်ယောက်မှမလာဘူး၊  ဌာနဆိုင်ရာလည်းမလာဘူး"

နောင်ချိုမြို့ရှောင်လမ်းစီမံကိန်းအတွက် နစ်နာသူတွေ လျော်ကြေးရနိုင်ဖို့အတွက် ဆောင်ရွက်ပေးနေပြီး လက်ရှိပြော ဆိုထားတဲ့လျော်ကြေးငွေနှုန်းဟာ အတည်မဖြစ်နိုင်သေးဘူးလို့နောင်ချိုမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ က ပြောပါတယ်။

"တောင်သူတွေ စိတ်တိုင်းကျအောင် ကျနော်တို့ ယာမြေကိုတော့ တစ်ဧကကို ၂ဝဝ နှုန်းပေါ့၊ လယ်မြေကိုတော့ တစ်ဧကကို ၃ဝဝ နှုန်းပေါ့၊ သူတို့စိတ်တိုင်းကျအောင် ကျနော်တို့ ဆုံးဖြတ်ပေးထားတယ်၊ ဒါပေမဲ့လည်း ဒါကို အထက် ဗဟိုထိအောင်တင်ရမှာလေ၊ သူတို့ဆီက ချတဲ့ပုံစံအတိုင်းရမှသာလျှင် ကျနော်တို့က သူတို့ကို လျော်ကြေးပြန်ပေးပါ့မယ်လို့၊ ၂ဝဝ နှုန်းတို့ ၃ဝဝ နှုန်းတို့က အတည်မဖြစ်နိုင်သေးဘူး၊ ဗဟိုကနေ အပေါ်ကနေချပေးတဲ့ နှုန်းထားအတိုင်း ကျနော်တို့က နောင်ချိုမြို့နယ်ကို လမ်းမှာပါတဲ့မြေဧကအလိုက် ကျနော်တို့ လောျ်ကြေးပေးသွားမယ်"

ဒီစီမံကိန်းဟာ ရှမ်းပြည်နယ်အစိုးရရဲ့ ရက်တစ်ရာစီမံကိန်းထဲမှာ ပါဝင်ပြီး Oriental Highway ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မှာဖြစ်ကာ လက်ရှိလမ်းအူကြောင်းရှာဖွေမှု လုပ်ငန်းအထိ ဆောင် ရွက်ပြီးနေပြီဖြစ်ပါတယ်။

မူလက အဲဒီလမ်းဟာ မိုင်၂၀ ခန့် ရှည်ကာ အခုဖောက်လုပ်မယ့်လမ်းအသစ်ဟာ ၁၂.၈ မိုင် ရှည်လျား မယ့် လေးလမ်းသွားလမ်း စီမံကိန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကနေ စတင်ဆောင်ရွက်နေတာဖြစ်ပြီး နောင်ချိုမြို့ရှောင်လမ်းစီမံကိန်းမှာ မြေ ၃၃၉ ဧက ပါဝင်မှာဖြစ်သလို ဂုတ်ထိပ်တံတား လေးလမ်းသွားအတွက် မြေ ၁၆၆.၆၀ ဧက အသုံးပြုမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။