ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အာမခံမပေးဘဲ ဖမ်းဆီး


2019.04.19
naymyozin-622.jpg နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးက အာမခံ မပေးတဲ့အတွက် ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ်
Photo: Nay Myo Zin's FB

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ တရားစွဲထားတာကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးက အာမခံ မပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) တို့နဲ့ တရားစွဲထားတာကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံး ဆင့်ခေါ်ကြားနာခဲ့တာဖြစ်ပြီး တရားသူကြီးက အာမခံမပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန်ထောင် ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အဖျောက်မြို့မှာ ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တာတွေကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး တိုးလင်းက ဧပြီ ၃ ရက်နေ့က တရားလိုပြုလုပ် တရားစွဲထားတာပါ။

ဒီကနေ့ တရားရုံးထုတ်အပြီးမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဂုဏ်သိက္ခာရှိစစ်သားတွေ ဖြစ်ဖို့ လိုအပ်တဲ့အကြောင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း ဆက်လက်ကြိုးစားဖို့ လိုအပ်တဲ့အကြောင်းနဲ့ တရားစွဲဆိုခံရတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ဒီအမှုကို လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ တရားရုံးက ချိန်းဆိုလိုက်ပါတယ်။

အလားတူ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဦးဆောင်ကျင်းပနေတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကိုလည်း တပ်မတော်ကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ပုဒ်မ ၅၀၅ (က) တို့နဲ့ တပ်မတော်က အင်းစိန်မြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။

အဲဒီမှုကိုလည်း အင်းစိန်မြို့နယ် တရားရုံးက အာမခံမပေးဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။