နေပြည်တော်က တပ်သိမ်းမြေတွေ အတွက် လျော်ကြေးပေးဖို့ ဆွေးနွေး
2015.07.17

နေပြည်တော်ကောင်စီအတွင်း တပ်မတော်က သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေအတွက် ထိုက်တန် တဲ့ လျော်ကြေးပေးဖို့ ကာကွယ်ဝန်ကြီးဌာန၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ဒေသခံတောင်သူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တပ်မတော်စီမံကိန်းတွေကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ ကျေးရွာတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးရေး အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖဲ့ွဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
"တပ်မတော်အတွက် သိမ်းဆည်းတဲ့မြေတွေမှာ လျော်ကြေးပေးဖို့ကျန်ခဲ့တာ လျော်ကြေးမှုမရှိခဲ့တာ ဒါမှမဟုတ် ရွေ့ပြောင်းမယ့်နေရာမှာ ကျေးရွာတွေရှိကြောင်းနဲ့ နစ်နာမှုရှိနေတဲ့အတွက်ကြောင့်ကို ထပ်မံလျော်ကြေးပေးနိုင်ရေးအတွက်ကို ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်"
အဲ့ဒီပွဲကို တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်ခဲ့ ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း လယ်ဝေး၊ ဥတ္တရသိရိ၊ ဇေယျာသိရိ၊ ပုပ္ပသိရိနဲ့ တပ်ကုန်းမြို့ နယ်တွေမှာ တပ်မတော်က သိမ်းဆည်းထားတဲ့လယ်မြေတွေ အများအပြားရှိနေပြီး အဲ့ဒီလယ်မြေတွေအတွက် ကျပ် ၂ သိန်း ကနေ ၃ သိန်းထိ ပေးလျော်ကြေးခဲ့တာတွေရှိသလို လုံးဝလျော်ကြေးမပေးရသေးတာတွေလည်း ရှိတယ်လို့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်နေ သိရပါတယ်။
ထိုက်တန်တဲ့လျော်ကြေး မပေးလျော်ထားရသေးတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးထပ်မံပေးမှာဖြစ် သလို လျော်ကြေးလုံးဝမရသေးသူတွေကိုလည်း ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင် အဖဲ့ွဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို RFA သတင်းထောက် မဝေမာထွန်း မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။