နေပြည်တော်က အစိုးရဝန်ထမ်းနေအိမ်တွေမှာ မဲဆွယ်ခွင့် ပိတ်ပင်တားမြစ်
2015.10.15

နေပြည်တော်ကောင်စီနယ်မြေမှာ နေထိုင်ကြတဲ့ အစိုးရဝန်ထမ်း မိသားစုတွေနေအိမ်ကို ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် ပါတီတွေ မဲမဆွယ်ရဘူးဆိုပြီး နေပြည်တော် ကောင်စီအုပ်ချုပ်ရေးပိုင်းက ကန့်သတ်လိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ပါတီတစ်ခုနဲ့ တစ်ခု ပြဿနာတက်မှာ စိုးရိမ်တဲ့အတွက် အရင်ကတည်းက တစ်အိမ်တက်ဆင်း မဲဆွယ်ခွင့်မပြုထားဘူးလို့ နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ထက်ကျော် က ပြောပါတယ်။
"သူတို့အနေနဲ့ လုံခြုံရေးအရ ကန့်သတ်နယ်မြေအဖြစ်နဲ့ သက်မှတ်လိုက်တာပေါ့နော် ပြဿနာပေါ် မှာစိုးလို့လေ၊ မိသားစုဝန်းထဲကိုသာ မစည်းရုံးရဘူး နေပြည်တော်ကောင်စီလုပ်တာပါ ကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး အရင်ကတည်းက Door to Door က မပေးပါဘူး၊ ပါတီတစ်ခုနဲ့တစ်ခု ပြဿနာတက်မှာစိုးလို့လေ"
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမဲဆန္ဒနယ်မြေကနေ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဖြိုးဇေယျာသော်က အစိုးရဝန်ထမ်းအိမ်ရာဖြစ်တဲ့ ပညာသိဒ္ဓိရပ်ကွက်မှာ မဲဆွယ်စည်းရုံးစဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဲမဆွယ်ဖို့ ဖုန်းနဲ့လှမ်းပြော တားမြစ်တာခံခဲ့တယ်လို့ သိရပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာ မြို့နယ် ၈ ခုရှိပြီး အစိုးရဝန်ထမ်းအများဆုံး နေထိုင်တာ လည်း ဖြစ်ပါတယ်။ နေပြည်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မြန်မာအမျိုးသားကွန်ဂရက် ပါတီစတဲ့ ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။