စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာ

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.07.09

မြန်မာတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ တစ်နေ့တခြားများလာနေတာကြောင့် အာဏာ သိမ်း စစ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်မှာ ကူးစက်မှုတွေမရှိရအောင် အသွားအလာကန့်သတ် မှုတွေ လုပ်နေပေမယ့် ကူးစက်သေဆုံးမှုအရေအတွက် များလာနေတာပါ။

နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၈ ရက်မနေ့ကအထိ နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၇၇၇ ဦးရှိသွားပြီဖြစ်သလို သေဆုံးသူကလည်း ၁၈ ဦးအထိရှိနေပါတယ်။

နေပြည်နယ်တော်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က ပိုးကူးစက်သူ ၁၉၇၆ ဦးနဲ့ သေဆုံးသူ ၁၀ ဦးရှိခဲ့တာ ကြောင့် အချိန်တစ်ပတ်လောက်အတွင်းမှာ အတည်ပြုလူနာပေါင်း ၈၀၀ လောက်နဲ့ သေဆုံးသူ ရှစ်ဦး ထပ်တိုး သွားတာဖြစ်ပါတယ်။

အဲဒီကူးစက်ခံနေရသူထဲက လူ ၁၀၀၀ နီးပါးဟာ ဇမ္ဗူသီရိမြို့နယ်ထဲမှာ နေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကစလို့ ရောဂါပိုးတွေ့ရှိတာတွေများတဲ့ ဇမ္ဗုသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်တွေကို နေအိမ်မှာနေ ထိုင်ရေး(Stay at Home)အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုနှုန်းတွေက တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

ကူးစက်မှုအခြေအနေကတော့ ရောဂါတွေက တော်တော်လေးကို ပျံ့နေတာပေါ့။ ပျဉ်းမနားမြို့ အနေ အထား၊ နေပြည်တော်တိုင်းတစ်ခုလုံးအနေအထားအရတော့ ရောဂါပိုးကတော်တော်များများပျံ့နေပါပြီ။ တချို့လည်း ရပ်ကွက်တော်တော်များများမှာ တစ်ယောက်က မိသားစုတစ်ခုခုမှာ တစ်ယောက်ယောက်မှာ ပေါ့နော် ရောဂါပိုးတွေ့တယ် Positive ဆိုရင် တစ်အိမ်လုံး Q ဝင်နေရတဲ့အနေအထားမျိုးတွေ အဲဒီလိုမျိုး တွေဖြစ်တယ်။ အခု အသက်ဆုံးရှုံးတာတွေလည်းဖြစ်လာတဲ့ အနေအထားတွေရှိတယ်။  အခုဆိုရင် ကိုဗစ်နဲ့ ပတ်သက်လို့ဆုံးတယ်ဆိုရင် စမ်းကလေးမှာ သင်္ဂြိုဟ်တာတွေ ဘာတွေလုပ်ရတဲ့ အနေအထားတွေရှိတယ်။ အရင်ကစစတုန်းကဆိုရင်တော့ သေနှုန်းကနည်းလာတယ်။ အခုသေနှုန်းက များလာတယ်ဗျ

နေအိမ်မှာနေထိုင်ရေး(Stay at Home)အမိန့် ထုတ်ပြန်ထားမြို့နယ်နှစ်ခုမှာ ဈေးတွေကိုပိတ်ထားသလို မနေ့ကစပြီး အဝင်အထွက်လမ်းတွေ၊ လမ်းဆုံလမ်းခွတွေမှလည်း ရဲလုံခြုံရေးတွေ ချထားလိုက်ပါတယ်။

အဲဒီရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး သတ်မှတ်ခွင့်ပြုထားတဲ့သူတွေမဟုတ်ရင် ဖြတ်သန်း သွားလာခွင့်မပေးဘဲ နောက်ကြောင်းပြန်လှည့်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြော ပါတယ်။

"အောက်ဆီဂျင်ပြဿနာက ကျနော်တို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နိုင်တယ်။"

ဇမ္ဗူသီရိမြို့နယ် သပြေကုန်းက မစိုးရိမ်ကျောင်းတိုက်မှာလည်း သံဃာတော်အပါးရာနဲ့ချီပြီး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရပါတယ်။

အလားတူမြို့နယ်ထဲက နေရာတိုင်းလိုလိုမှာလည်း ကိုဗစ်သံသယ လက္ခဏာတွေ့ရတဲ့ လူတွေရှိလာလို့ သီးသန့်စောင့်ကြည့်ရေးစင်တာတွေကို ကူညီပို့ဆောင်ပေးနေရတယ်လို့ ကိုဗစ်နဲ့ပတ်သက်လို့ လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ ဦးစိုးမိုးသူ က ပြောပါတယ်။

 “ဇမ္ဗူသီရိမြို့နယ်ထဲမှာ ဖြစ်ပေါ်နေတာကတော့ နေရာတိုင်းလိုလို မင်္သကာဖွယ်ရာတွေ ထိစပ်တွေ၊ Positive တွေလည်း တော်တော်လေးလည်းများတယ်။ ကျနော်တို့လည်း အချိန်နဲ့တပြေးညီ ကူညီဆောင် ရွက်နိုင်ဖို့အတွက် ကျနော်တို့မှာလည်း အမြဲတန်း Standby နေနေရတဲ့အနေအထားမှာလည်းရှိတယ်။ အချိန်အခါ တကယ့်တကယ် ညနက်နေရင်လည်း အချိန်မရွေးသွားပြီးတော့ ကူညီဆောင်ရွက်ပေးရတာ တွေလည်းရှိတယ်။ ဒီကြားထဲ အမောဖောက်သွားလို့ အောက်ဆီဂျင်တွေ ဘာတွေလိုအပ်ရင်လည်း အောက်ဆီဂျင်ဘူးတွေလည်း ကူညီဆောင်ရွက်ပေးရပါတယ်ခင်ဗျ။”

qcenter.jpg
(စစ်ကောင်စီလက်ထက် Q စင်တာတစ်ခုကို တွေ့ရစဥ်) Photo CJ

နေပြည်တော်မှာ ကိုဗစ်လူနာတွေ များလာတာကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာကိုလည်း စတင်ကြုံတွေ့နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လူနာတွေပိုများလာရင် အောက်ဆီဂျင်ပြဿနာက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ ပျဉ်မနားမြို့ အခြေစိုက် မျှဝေသောလက်များပရဟိတအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်သူရက ပြောပါတယ်။

အောက်ဆီဂျင်က လုံလောက်မှုရှိလားဆိုတော့ လောလောဆယ်အထိကတော့ နည်းနည်းရသေးတယ် ပေါ့နော်။  ကျနော်ထင်တာ အခုဒီထက်ထပ်ပြီးတိုးလာရင်တော့ အောက်ဆီဂျင်ပြဿနာက ကျနော်တို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နိုင်တယ်။ ဒီမှာက အခုတော်တော်များများ ဒီမှာရှိတဲ့ အောက်ဆီဂျင်တွေ ဒိုင်တွေကလည်း ရန်ကုန်ကနေတဆင့် ယူရတာဆိုတော့ ရန်ကုန်မှာကို ဝယ်ရခက်နေတဲ့ သဘောလေးတွေ တွေ့ရတယ်။ သူတို့ကို လှမ်းမေးတော့လေ။ အခုဆိုရင် ဒီမှာ အိုးအသစ်တွေတောင်မှ ဝယ်လို့မရသလောက် ဖြစ်သွားပြီပေါ့နော် အိုးဝယ်ချင်ရင်တောင် ဝယ်လို့မရသလောက်ဖြစ်သွားပြီ။ ရှေ့လျှောက်ကိုတော့ ဘယ်လိုရင်ဆိုင်ရမလဲ အဲဒါကိုတော့ ကျနော်တို့ ပြင်ဆင်ရတော့မှာပေါ့။

 နေပြည်တော်မှာ အချို့သူတွေက ကိုဗစ်လက္ခဏာတွေ့ရပေမယ့် စစ်ကောင်စီက ထိန်းချုပ်တဲ့ဆေးရုံတွေကို မသွားကြဘဲ နေအိမ်တွေမှာပဲ ကြိတ်ကုနေကြသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်က ကိုဗစ်ရောဂါကူးစက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ကိုဗစ်ကပ်ရောဂါဟာ မြန်မာပြည်မှာ တတိယလှိုင်းအဖြစ်နဲ့ ဆက်လက်ဖြစ်ပွားနေသလို ကူးစက်မှုပိုမြန်ပြီး အသက်သေစေလောက်အောင် ပြင်းထန်တဲ့ ကိုဗစ်ဗီဇပြောင်း ပိုးသစ်တွေဖြစ်တဲ့ Alpha, Delta နဲ့ Kappa ပိုးသုံးမျိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးဌာနက ပြီးခဲ့တဲ့လတုန်းက ကြေညာထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ ကိုဗစ်ရောဂါးပိုးကူးစက်ခံရသူဟာ ၁၈၀၀၅၅ ယောက်ရှိပြီး သေဆုံးသူ ကတော့ ၃၆၂၁ ယောက်ရှိပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။