နေပြည်တော် တောင်သူများအရေး လွှတ်တော်အမတ် ဆွေးနွေး
2016.04.25

နေပြည်တော် စည်ပင်တရားရုံးမှာ လယ်ယာမြေကိစ္စတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တောင်သူတွေ၊ ထောင်ကျနေ တဲ့ တောင်သူတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နေပြည်တော်ကောင်စီ ဥက္ကဌထံ စာပေးပို့တင်ပြသွားမယ်လို့ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က ပြောပါတယ်။
နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်က စည်ပင်တရားရုံးမှာ ဒီနေ့ တရားရုံးချိန်းလာတဲ့ တောင်သူတွေကို ဦးသန့်ဇင်ထွန်းက တေ့ွဆုံမေးမြန်းပြီးနောက် သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။
"လက်ရှိအစိုးရကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့နော် အဲ့ဟာကို ဆောင်ရွက်နေ တာရှိပါတယ်၊ တောင်သူတွေက နိုင်ငံရေးပုဒ်မတွေ မဟုတ်ပေမယ့် တနည်းတဖုံ နိုင်ငံရေးနဲ့ သွယ်ဝိုက်ပြီးတော့ ဆက်နွယ်နေပါတယ်၊ သူတို့ဘာသာသူတို့ ဓါးမဦးချ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေကို နေပြည်တော် မြို့သစ် တည်ဆောက်တဲ့အခါမှာ စည်ပင်သာယာရေးကော်မတီကနေ ထိုက်တန်တဲ့လျော်ကြေး ပေးတာတွေမရှိ ဘူး၊ တချို့ဆို လျော်ကြေးမရတာတွေလည်းရှိတယ်၊ အဲ့လိုမျိုးတွေနဲ့ ဥပဒေမဲ့ သိမ်းဆည်းထားတာတွေရှိတယ်၊ ဒါတွေကိုလည်း မူလတောင်သူတွေရဲ့ ရပိုင်ခွင့် ဥပဒေတွေနဲ့အညီ ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်တင်ပြပေး သွားမှာ၊ အခုရင်ဆိုင်နေရတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့အတွက်ပေ့ါနော် နောက်ပြစ်ဒဏ်ကျခံနေရတဲ့ တောင်သူ တချို့လည်းရှိတယ်၊ အဲ့ဟာတွေဆိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် တောင်းဆိုပေးသွားမှာပါ"
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နေပြည်တော်ကို မြို့တော်သစ်အဖြစ် စတင်တည်ဆောက်စဉ် တောင်သူတွေ လုပ်ကိုင်နေ တဲ့ လယ်ယာမြေတွေကို လျော်ကြေးမပေးဘဲ သိမ်းယူတာတွေရှိခဲ့ပြီး လယ်ယာမြေ ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့ တဲ့ တောင်သူတွေကို ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တရားစွဲဆိုထောင်ချခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ လယ်ယာမြေဧက ၂၅၀၀ ကျော်အတွက် ပိုင်ဆိုင်မှုအငြင်းပွားနေပြီး တောင်သူ ၅၀၀ ကျော် အမှုရင်ဆိုင်နေရသလို လက်ရှိ ထောင်ကျနေသူ ၅၀ နီးပါးရှိတယ်လို့ လယ်သမားအရေး ဆောင်ရွက်နေ သူတွေက ပြောပါတယ်။
နေပြည်တော်ကောင်စီ ဥက္ကဌအဖြစ် ဒေါက်တာမျိုးအောင်က တာဝန်ယူထားပြီး နေပြည်တော်ဟာ နိုင်ငံတော်သမ္မတ ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုနယ်မြေဖြစ်ပါတယ်။