နေပြည်တော်က အချုပ်ထောင်ကို နောက်နှစ်မှာ စတင်အသုံးပြုမည်


2017.11.04
naypyitaw-622.jpeg နေပြည်တော်မှ ကြိုဆိုပါ၏ ဆိုင်းပုဒ်ကို တွေ့ရစဉ်
.

နေပြည်တော်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လူ ၈၀၀ ကျော်ဆံ့တဲ့ အချုပ်ထောင်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုသွားမယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေကို ရမည်းသင်းထောင်ကို ပို့နေရတဲ့အတွက် လုံခြုံရေး ကျိုးပေါက်မှု စိုးရိမ်မှုမရှိရအောင် နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းအားကစားရုံအနီးမှာ နေပြည်တော် အချုပ်ထောင်ကို တည်ဆောက်ရတာဖြစ်တယ်လို့ အကျဉ်းစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။

"ဖမ်းဆီးခံရတဲ့သူတွေကို ရမည်းသင်းကို သွားပို့ရတယ်၊  သွားပို့ရတဲ့အခါကျတော့ ရုံးထုတ်ရုံးပြန် အတွက်ကဝေးတယ်၊ မနက်ထုတ်လိုက်  ညနေကျတော့ ၈ နာရီ ၈ နာရီခွဲလောက်မှ ရောက်တယ် နောက် ကျတာပေါ့နော်၊ အဲဒါလေးတွေ  အခက်အခဲဖြစ်နေတော့ နေပြည်တော် အချုပ်ထောင် ဆောက်ဖြစ်သွား တယ်၊  သူအချုပ်ကျနေတဲ့အချိန်တော့ နေပြည်တော်ထောင်မှာနေပေါ့၊  ပြစ်ဒဏ်ကျတဲ့အခါကျရင် ရမည်းသင်းကိုပြောင်းမယ်၊ အဓိကကတော့ ရမည်းသင်းနဲ့ ပျဉ်းမနား တို့ဘာတို့ သွားလာတဲ့ လမ်းခရီး မှာ လုံခြုံရေးကျိုးပေါက်မှုမရှိအောင် နောက်ပြီးတော့ မြစ်ကြီးနားမှာနေတဲ့လူ အချုပ်တွေ့မယ်ဆို  အချုပ် ဒီနားမှာ နီးနီးနားနားရှိတယ၊် ထောင်ဝင်စာတွေ့ဆုံဖို့ လွယ်ကူအောင်  အချုပ်ထောင်က လူတစ်ခါမှ မထားသေးဘူး ဒါပထမဆုံးဖြစ်မှာပေါ့"

နေပြည်တော် အချုပ်ထောင်ကို ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတည်းက တည်ဆောက်နေတာဖြစ်ပြီး လာမယ့်နှစ်မှာ စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အကျဉ်းသားဦးရေ တစ်ထောင်ဆံ့တဲ့ အကျဉ်းထောင် ၃ ခုကိုလည်း ဒိုက်ဦး၊ ကျိုက်မရောနဲ့ မိုးညှင်းတို့မှာ တည်ဆောက်ထားပြီး မိုးညှင်းထောင်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

ဆောက်လုပ်ပြီးသွားတဲ့ အကျဉ်းထောင် ၃ ခုအပါအဝင် လက်ရှိမြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၀ ကျော်ရှိနေပြီး အကျဉ်းသား ဦးရေ ၈ သောင်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။