နေပြည်တော် မဲရုံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ကြိုတင်မဲပေး
2015.11.02

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ နေပြည်တော်က မဲရုံတွေမှာ လုံခြုံရေးတာဝန်ယူကြမယ့် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်မှာ ဒီကနေ့ ကြိုတင်မဲပေးကြပါတယ်။
ကြိုတင်မဲပေးခဲ့သူ အမည်မဖေါ်လိုတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။
"ကျနော်တို့က မြို့နယ်အလိုက် မဲရုံတွေမှာ တာဝန်ထမ်းဆောင်ရမှာ ခင်ဗျ၊ အဲဒါကြောင့်မို့ ကြိုတင်မဲလာပေးတာပါ၊ ကျနော်တို့က လွတ်လွတ်လပ်လပ်ပေးခဲ့တာပါ ခင်ဗျ၊ ဖိအားမရှိပါဘူး"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က စပြီး ရွေးကောက်ပွဲနေ့မှာ လုံခြုံရေးတာဝန်ယူမယ့်သူတွေ၊ မဲရုံတာဝန် ကျသူတွေ၊ ခရီးသွားမယ့်သူတွေနဲ့ ဆေးရုံရောက်ရှိနေသူတွေ၊ အချုပ်ရောက်ရှိနေသူတွေဟာ ကြိုတင်မဲပေးနေ ကြတာဖြစ်ပါတယ်။
နေပြည်တော်က မြို့နယ် ၈မြို့နယ်မှာ အစိုးရဝန်ထမ်းတွေ၊ တပ်မတော်သားမိသားစုဝင်တွေ အများစု နေထိုင်ကြတဲ့ အတွက် ကြိုတင်မဲပေးသူတွေများပါတယ်။
နေပြည်တော်ကောင်စီ မြို့နယ် ၈မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆သိန်း ၇သောင်းကျော်ရှိတယ်လို့ ကြေညာထားရာ ကနေ နောက်တိုးလာတဲ့စာရင်းတွေအရ ၇သိန်းခွဲကျော် ရှိတယ်လို့သိရပါတယ်။
ကြိုတင်မဲပေးတာတွေကို နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ ဟာ လေ့လာစောင့်ကြည့်ခွင့်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။