ဒုတိယသမ္မတ တစ်နေရာရရှိဖို့ NBF ကြိုးပမ်းမည်


2015.07.13
nbf-620.jpg ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF နေပြည်တော် ရတနာသိင်္ဃဟိုတယ်မှာ ပုံမှန်အစည်းအဝေးပြုလုပ်စဉ်
Photo: Win Naung Toe/RFA

တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ NBF က ၂၀၁၅ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတ တစ်နေရာရရှိဖို့ ကြိုးပမ်းယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေဘက်က ဒုတိယသမ္မတ တစ်နေရာရဖို့ NBF အဖွဲ့က အခိုင်အမာရှိတဲ့အတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဌ ဦးစောသန်းမြင့်က ပြောပါတယ်။

"ဒုသမ္မတနေရာကတော့ ကျနော်တို့ NBF က ရကိုရရမှာလေ၊ လူမျိုးစုလွှတ်တာ် အမျိုးသားလွှတ်တော်ကနေ ကျနော်တို့ NBF က ရကိုရရမှာလေ၊ ပထမအကြိမ်တုန်းက တိုင်းရင်းသားပဲရတာကိုး၊ အခုချိန်တော့ ဦးတို့ NBF ကလွဲရင် ကျန်တဲ့ပါတီက ရစရာမရှိတော့ဘူးပေါ့၊ တိုင်းရင်းသားထဲက တစ်ယောက်ကတော့ ဒုသမ္မတလောင်းဖြစ် ရမယ်လေ၊ အဲတော့ တိုင်းရင်းသားပါတီဆိုတော့ ဦးတို့ NBF က အခိုင်အမာရှိတယ်လေ"

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကနေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းနဲ့ မဲဆန္ဒနယ်တွေကို ဇူလိုင်လအတွင်း လွိုင်ကော်မြို့မှာကျင်းပမယ့် ၂၄ ကြိမ်မြောက် ပုံမှန်အစည်း အဝေးမှာ အပြီးသတ်ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ ရှမ်းတိုင်းရငသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၁ ခုနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအတွင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ CNDP က ချင်းပြည်နယ် မဲဆန္ဒနယ် ၉ ခုအပြင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတွေက မြို့နယ် ၁၇ ခု မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ ပြည်နယ်အစိုးရ ဖွဲ့နိုင်ရေးအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွေကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

"လာမယ့်ရွေးကောက်ပွဲမှာတော့ ပြည်နယ်မှာ အစိုးရဖွဲ့နိုင်အောင် ကျနော်တို့ကြိုးစားနေတာပါ၊ ၁၇ မြို့နယ် ကျနော်တို့ဝင်ဖို့ရှိတယ်၊ ရွေးကောက်ပွဲကိုယ်စားလှယ် ၅ဝ ကျော်ပေါ့"

ကိုယ်စားလှယ်လောင်းတွေကို ဘွဲ့ရလူငယ်တွေနဲ့ အများဆုံးရွေးချယ်ထားပြီး အမျိုးသမီးတွေ ပါဝင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ပါတီဥက္ကဌ ဦးဇိုဇမ်အနေနဲ့ ချင်းပြည်နယ် တီးတိန်မြို့ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။