NCA ၆ နှစ်ပြည့် တက်ရောက်သည့် EAOs အဖွဲ့တွေကို GSCB ကန့်ကွက်

စစ်ကောင်စီက ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၆ နှစ်ပြည့်ပွဲ အခမ်းအနားကို တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။
NCA အဖွဲ့ ၁၀ ဖွဲ့ထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စတဲ့ ၈ ဖွဲ့က တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီလိုစစ်ကောင်စီရဲ့ NCA ၆ နှစ်ပြည့်ပွဲကို တက်ရောက်တာက အရင်က ကြေညာထားတဲ့ "လက်ရှိ ကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းများကို ရပ်ဆိုင်းထားမည်" ဆိုတဲ့ အချက်နဲ့လည်း ဆန့်ကျင်နေတယ်လို့ GSCB က ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ ဖျက်သိမ်းတာ၊ CRPH ၊ NUG ရဲ့ ပဋိဉာဏ် ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ တာတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
NCA ၆ နှစ်ပြည့်ကို မတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ (ဟောင်း) ပဒိုမန်းမန်းကတော့ NCA လမ်းကြောင်းဟာ ၂၀၀၈ အခြေခံဥပဒေထဲမှာ သွတ်သွင်းထားတဲ့ အရာဖြစ်နေတာကြောင့် ဒီလမ်းကြောင်းအတိုင်း ဆက်သွားလို့မဖြစ်ဘူးလို့ ပြောပါတယ်။
"၆ နှစ်ပြည့် ထုတ်ပြန်ချက်ကို ကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်ပြီး ကျားသေကို အသက်ပြန်သွင်းသလိုဖြစ်သွားသလို စစ်ရေးပိုပြင်းထန်လာနိုင်ဖို့ ရှိတယ်လို့ ပြောချင်ပါတယ်"
ဒီအတိုင်း ဆက်သွားမယ်ဆိုရင် စစ်ကောင်စီက အရပ်သားအဖြစ် ဖွဲ့စည်းလာမယ့် ကြားဖြတ်အစိုးရလိုမျိုး ရှိလာနိုင်ပြီး ဒါဟာ NUG ကို အသိအမှတ်မပြုရာ ရောက်တယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။
NCA အဖွဲ့ဝင် ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကတော့ လက်ရှိချင်းပြည်နယ်ထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေဆင်နွှဲနေပြီး NCA ၆ နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တာ မရှိပါဘူး။