အာဏာသိမ်းမှုအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အပစ်ရပ်အဖွဲ့တွေ တိုက်တွန်း

2021.10.15
အာဏာသိမ်းမှုအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အပစ်ရပ်အဖွဲ့တွေ တိုက်တွန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ၂၀၂၁၊ အောက်တိုဘာ ၁၂ ရက်နေ့က အွန်လိုင်းကနေ ကျင်းပစဉ်
Photo: NCA-S EAO

အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက် ဒီကနေ့ ကျရောက်တဲ့ NCA စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ သဘောထားကြေညာချက်မှာ ထည့်သွင်း တိုက်တွန်းထားတာပါ။

အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး၊ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကာကွယ်ပေးရေးတို့အပေါ် ရပ်တည်တယ် လို့ ဖော်ပြထားပါတယ်။

မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုတယ်လို့ PPST က ဆိုပါတယ်။

NCA (၆) နှစ်ပြည့် အခမ်းအနားကို ဒီကနေ့မနက်ပိုင်း နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့ပြီး အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့ထဲက ရှစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

“NCA လက်မှတ်ရေးထိုးထားတဲ့အထဲက ရှစ်ဖွဲ့ တက်ပါမယ်၊ လက်တွေ့လာတက်တာက ငါးဖွဲ့၊ အွန်လိုင်းကနေ သုံးဖွဲ့ပါ၊ ကျင်းပတဲ့နေရာက အရင်က NRPC ရှိတဲ့နေရာမှာပဲ၊ အဖွဲ့ ရှစ်ဖွဲ့က ခေါင်းဆောင် တွေလည်း မိန့်ခွန်းပြောပါမယ်” လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ ဒီနေ့အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။

အာဏာသိမ်းစစ်တပ်က ဦးဆောင်လုပ်တဲ့ ငြိမ်းချမ်းရေးအခမ်းအနားမျိုးကို တက်ဖို့ စိတ်ကူးမရှိဘူးလို့ KNU ဗဟိုနိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။

PPST ရဲ့ ကြေညာချက်ထဲမှာ NCA လက်မှတ်ထိုးတာ (၆) နှစ်ပြည့်သွားပေမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူတွေကို ထင်သလောက်မရခဲ့သလို NCA မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး မပါဝင်နိုင်တာဟာ အားနည်းချက်ဖြစ်ခဲ့တယ်လို့ ပါဝင်ပါတယ်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့သူတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့၊ နိုင်ငံတကာအကူအညီယူပြီး နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့၊ နိုင်ငံတော်အာဏာကို အရပ်သားအုပ်ချုပ်မှုနဲ့ ဒီမိုကရေစီဘောင်အတွင်း အမြန်ဆုံးပြန်လွဲပြောင်းပေးဖို့နဲ့ လူထုကိုကာကွယ်ပေးတဲ့ လုံခြုံရေးစနစ်တည်ဆောက်ဖို့ စတဲ့အချက်တွေကို နိုင်ငံရေးရည်မှန်းချက်တွေအဖြစ် ချမှတ်ထားတယ်လို့လည်း PPST က ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ထားမယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး လက်ရှိလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ နောက်ထပ်ငါးလ အပစ်ရပ်ထပ်မံတိုးမြင့်တယ်လို့ ကြေညာထားပါတယ်။

အဲလို ကြေညာထားပေမယ့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ် စတဲ့တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီဘက်က စစ်ရေးအရှိန်မြှင့်ပြီး ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-10-15 05:29

What are the NCA team waiting for ?