အပစ်ရပ် ဒုတိယမူကြမ်း အစိုးရပြင်ဆင်ချက် NCCT ထပ်မံဆွေးနွေး


2014.08.10
ncct-305 ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကျင်းပစဉ်
photo: Aung Moe Myint/RFA

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(ဒုတိယမူကြမ်း) နဲ့ ပတ်သက်ပြီး အစိုးရဖက်က ပြင်ဆင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး၊  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေ သြဂုတ်လ ၉  ရက် မနေ့က ထိုင်း ၊ မြန်မာ နယ်စပ် တစ်နေရာမှာ ထပ်မံတွေ့ ဆုံဆွေးနွေး နေကြပါတယ်။

အစိုးရဖက် ပြန်လည်ပေးပို့ခဲ့တဲ့ထဲမှာ အချက်တချို့ဟာ နဂိုမူလ သဘောတူထားတာတွေနဲ့ ကွဲလွဲနေ တာကြောင့်ဖြစ်တယ်လို့ NCCT ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်က ပြောပါတယ်။

" NCCT ကနေတင်ထားတာက အပစ်အခတ်ရပ် စဲရေး လက်မှတ်တွေ ရေးထိုးပြီးရင် ပူးတွဲ ဦးဆောင်ကော်မတီဖွဲ့စည်းရေးကို တင်ထားတယ်၊ အစပိုင်းကျနော်တို့ နားလည်တာက ပူးတွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းရေးကို အစိုးရကလက်ခံတယ် ဆိုတဲ့သဘောမျိုးနားလည်တယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ် ပြန်ပြောတဲ့အခါကျတော့ ပူးတွဲဦးဆောင်ကော်မတီ မဟုတ်ဘဲ ပူးတွဲစောင့်ကြည့်ရေးစနစ်လုပ်ဖို့ပဲ အစိုးရက လက်ခံတယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်၊ ကျနော်တို့လည်း အသေအချာမမေးရသေးဘူး၊ အဲ့တော့ဒီဟာတွေကို ကျနော်တို့က ကွဲလွဲမှုတစ်ခုအနေနဲ့ ယူဆတယ်၊ နောက်တစ်ခုကတော့ ဒီကျနော်တို့ အရင်တင်ထားတဲ့အခါမှာ အနာဂတ်ကျနော်တို့ရဲ့ နိုင်ငံတော်ပြန်လည် စည်းလုံးညီညွတ်စွာ တည်ဆောက်ရေး ကဏ္ဍတွေမှာ ဒီမိုကရေစီစနစ်အရ ဖက်ဒရယ်စနစ်အရ တည်ဆောက်မယ်၊ ဒါကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးတဲ့ရလာဒ်နဲ့ သွားမယ်လို့ပြောတာကို အစပိုင်းမှာ သဘောတူတယ်လို့ ကျနော်တို့ လက်ခံတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ဖက်ဒရယ် မပါလာတော့ဘူး ဒီမိုကရေစီပဲပါ လာတယ် အဲ့ဒီတော့ဒီလိုအချက်မျိုးကို ကျနော်တို့ပြောတာ ဖြစ်ပါတယ် "

ဒါ့ပြင် ဒီတခါချုပ်ဆိုမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်ဟာ ပျက်ပြယ်သွားမယ့် စာချုပ်မျိုး မဟုတ်ဘဲ၊ အပြီးတိုင် အကောင်အထည်ဖော်နိုင်တဲ့ စာချူပ်မျိုးဖြစ်အောင် နှစ်ဖက်စလုံးက ခံယူသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း လည်း ဗိုလ်ချုပ် ဂွမ်မော် က ပြောပါတယ်။

မနေ့က စတင်ကျင်းပခဲ့တဲ့ NCCT ခေါင်းဆောင်များအစည်းအဝေးကို လေးရက်ကြာကျင်းပမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။