NCCT ဆွေးနွေးပွဲ KNU တက်ရောက်
2014.09.09

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ကခေါင်းဆောင် တွေဟာ အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တစ်နေရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေပြီး အဲဒီအစည်းအဝေးကို KNU ကရင်အမျိုးသား အစည်းအရုံးက အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU ခေါင်းဆောင်တချို့ တက်ရောက်ကြပါတယ်။
KNU ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ဒီအစည်းအဝေးမှာ သီးခြားတင်ပြဆွေးနွေးတာမျိုး မရှိဘူးလို့ KNU အထွေထွေအတွင်းရေးမှူးလည်းဖြစ် NCCT အဖွဲ့ ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။
သုံးရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးမှာ တပ်ပိုင်းဆိုင်ရာကိစ္စအပါအဝင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီကိစ္စ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာကိစ္စတွေ ကို ဆွေးနွေးသွားဖို့ရှိပြီး ဒီကိစ္စတွေ ရေးဆွဲဖို့အတွက် အလုပ်အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
ဒီအစည်းအဝေးမှာ NCCT အဖွဲ့ရဲ့ရှေ့လုပ်ငန်းစဉ်တွေချမှတ်တာ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပြန် လည်တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စတွေကို အဓိကထားဆွေးနွေးသွားဖို့ ရှိတယ်လို့လည်းသိရပါ တယ်။