NCCT ခေါင်းဆောင်တွေ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်နဲ့ တွေ့ဆုံ
2014.08.19

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး ပါတီတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးဖို့လိုအပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေ ကို ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်က အခုလိုပြောပါတယ်။
"ကျနော်တို့အနေနဲ့ ပြောနေတာကတော့ ချုပ်ဆိုတဲ့စာချုပ်ဟာ အာမခံချက်ရှိစေချင်တယ်၊ ခိုင်မာစေ ချင်တယ်၊ ကျနော်တို့တည်ဆောက်တဲ့ ငြိမ်းချမ်းရေးကို ခိုင်မာတဲ့ငြိမ်းချမ်ရေး ဖြစ်စေချင်တယ်၊ အဲ့ဒီ အပေါ်မှာ ကျနော်တို့လည်း အချိန်ယူပြီး ဆွေးနွေးတာဖြစ်တယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်တယ်ဆိုတာ လက်နက်ကိုင်ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဘက်က ချုပ်ဆို တာဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရမှာဖြစ်တယ်၊ အဲ့ဒီ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့အခါကျလို့ရှိရင် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ လည်း သူတို့အခန်းကဏ္ဍလိုက်ပါဝင်ပြီးတော့ ဆွေးနွေးနိုင်တယ်၊ ဒီတိုင်းပြည်ရဲ့ အနှစ် ၆၀ ပြဿနာ ကို ပြင်ဆင်ဖို့အတွက် အားလုံးပါဝင်ဖို့လိုတယ်ဆိုတာ ကျနော်တို့ ပြောထားပါတယ်"
ဒီနေ့ တွေ့ဆုံပွဲမှာ NCCT ခေါင်းဆောင်တွေက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
NCCT ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၊ ရန်ကုန်လိုင်ဇာ လမ်းလျှောက် သူများအဖွဲ့၊ ကချင်ပြည်နယ် လူငယ်ကွန်ရက်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်၊ ကရင်လူငယ် မိတ်သဟာရ စတဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၀လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။