နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး NBF က NCCT ကို တိုက်တွန်း


2015.03.23
nbf-305 ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF နေပြည်တော် ရတနာသိင်္ဃဟိုတယ်မှာ ပုံမှန်အစည်းအဝေးပြုလုပ်စဉ်
Photo: Win Naung Toe/RFA

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် နိုင် ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်အောင် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF မဟာမိတ်ပါတီတွေက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကို  တိုက်တွန်း လိုက်ပါတယ်။

ရန်ကုန်မြို့မှာ NCCT ကိုယ်စားလှယ်တွေနဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ခေါင်းဆောင်တွေ ဒီနေ့ တွေ့ဆုံခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တာဖြစ်ကြောင်း NBF အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီက ဦးစောသန်းမြင့် က ပြောပါတယ်။

"လက်ရှိအစိုးရနဲ့ လွှတ်တော် အပြောင်းအလဲ မလုပ်ခင်မှာ နိုင်ငံရေးဆွေးနွေးပွဲကို ကျနော်တို့ စချင်တယ်ပေါ့၊ ဒီအစိုးရမှာ ကတိကဝတ်ပြုပြီးတော့ ဆက်လက်ပြီး သယ်ဆောင်သွားမယ်ဆိုရင် နောက်အစိုးရကလည်း ဒီတာဝန်ကို ဆက်ပြီးတော့ ကျေပွန်အောင် ထမ်းဆောင်ရမယ်လေ၊ တကယ်လို့များ နောက်အစိုးရက သူနဲ့မဆိုင်ဘူးလို့ပြောလာရင် ကျနော်တို့ ခဲလေသမျှ သဲရေကျပါမယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့က NCCT က ခေါင်းဆောင်အဖွဲ့များကိုလည်း တတ်နိုင်သမျှ လက်ရှိအစိုးရနဲ့ ညှိနှိုင်းပြီးတော့ တကယ်တန်းအသေးစိတ် ခက်ခဲတဲ့အချက်တွေကို တစ်နိုင်ငံလုံးနဲ့ဆိုင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ လုပ်ပေးတာကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုဆွေးနွေးပွဲကို ကျနော်တို့လည်း ကြားရတာအားရပါတယ်ပေါ့နော်၊ အဲ့ဒါမျိုးလေးတွေတင်ပြတယ်"

အဲဒီဆွေးနွေးပွဲမှာ NCCT ကိုယ်စားလှယ်တွေက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုင်နိုင်ဖို့အတွက် အစိုးရနဲ့ ဆွေးနွေးခဲ့တာတွေကို NBF အဖွဲ့ဝင်တွေကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ ဒီလ ၃၀ ရက်နေ့မှာ ပြန်လည် စတင်မယ့်ဆွေးနွေးပွဲက ဆုံးဖြတ်ပေးနိုင်မှာဖြစ်ကြောင်း NCCT ကိုယ်စားလှယ်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ဦးစောသန်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။