နိုင်ငံခြားက မြန်မာပညာရှင်များ NDF ပါတီ ပညာပေးသင်တန်းမှာ ပို့ချ
2011.10.05

(Photo: AFP)
သီတင်းတပတ်ကြာ ကျင်းပမယ့် အဲဒီ သင်တန်း အစီအစဉ်နဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အာအက်ဖ်အေကို အခုလို ပြောပါတယ်။
"နိုင်ငံခြားက လာတဲ့ ပညာရှင်တွေကတော့ ဒေါက်တာ ကျော်ရင်လှိုင်တို့၊ ဒေါက်တာ တင်မောင်မောင်သန်းတို့ကတော့ ၉ ရက် ၁၀ ရက်လောက်မှ ပြောဖို့ အစီအစဉ် ရှိပါတယ်။ အစီအစဉ်တွေကတော့ နေ့စဉ် ကျင်းပသွားမှာပါ။ ပြည်တွင်းကတော့ အင်း၀ ဂုဏ်ရည် ဦးကိုလေးတို့နဲ့ တခြား ပညာရှင်တွေ ဟောပြော
ပို့ချပေးဖို့ ရှိပါတယ်။"
သင်တန်းကို နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေ သာမက မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားတွေ အပါအဝင် နှစ်ရာနီးပါး တက်ရောက်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ NDF ပါတီရဲ့အထက်ဗမာပြည်က စီစဉ်တာ ဖြစ်တာကြောင့်လည်း ကချင်၊ ချင်းနဲ့
ရှမ်းပြည်နယ်တွေက ပါတီဝင် လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ် အသွင် ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ အသိပညာ အရေးကြီးတာကြောင့် အခုလို သင်တန်းတွေကို ဆောင်ရွက် အကောင်အထည် ဖေါ်တာဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
ပြန်လှန်မေးခွန်းတွေအတွက် အချိန်များစွာ ပေးထားတဲ့ အတွက် ဆရာ တပည့် ပုံစံမဟုတ်ဘဲ မေးမြန်း ဆွေးနွေး ဖြစ်ကြကြောင်း၊ သိလိုတာတွေကို မေးကြကြောင်း၊
ဥပမာ ဒီမိုကရေစီနှင့်ပတ်သက်သော အကြောင်းရပ်များ၊ နိုင်ငံတကာနှင့် ပတ်သက်ပြီး မရှင်းလင်းတဲ့ အချက်များ၊ အခြေခံ ဥပဒေနှင့် ပတ်သက်သော အကြောင်းအချက်များကို မေးမြန်းကြကြောင်း၊
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရှေ့စီးပွါးရေး အလားအလာမှာ အာဆီယံက ၂၀၁၅ မှာ အကောက်ခွန်မဲ့ လုပ်ဆောင်ဖို့ ရှိရာမှာ မြန်မာနိုင်ငံက ဘယ်လိုလုပ်ကြမလဲ စသဖြင့် သိလိုတဲ့ အချက်တွေ အများအပြား ရှိလာတာကို တွေ့ရကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။
သူကိုယ်တိုင်လည်း နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ မနေ့က ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ မှာတော့ ဒေါက်တာသန်းငြိမ်း၊ ဦးစိန်လှဦးနဲ့ ဒေါက်တာဝင်းနိုင်တို့ ဒီမိုကရေစီ၊ သတင်း မီဒီယာနဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေး ဟောပြောကြမှာ ဖြစ်ပါတယ်။