စစ်ကြောင်းထိုးလို့ ဝက်လက်မြို့နယ်က အရပ်သား လေးထောင်နီးပါးထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့လို့ ရွာခုနစ်ရွာက အရပ်သား လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ပိတောက်ခြုံရွာက နေအိမ် ငါးလုံးနဲ့ ဆင်နင်းရွာက နေအိမ် ငါးလုံး စုစုပေါင်း နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ပိတောက်ခြုံရွာမှာကျတော့ ညအိပ်ပြီး ရှို့တာပေါ့နော်။ ညအိပ်ရှို့ပြီး မနက်ကျ ဆင်နင်းရွာဘက်ကို ထွက်သွားတာ။ အင်အားအရေအတွက်ကတော့ အတိအကျ မသိရဘူး။ ဒီဘက်မှာ စစ်ကြောင်းတွေက ပတ်လည်ရိုက်နေတာ အများကြီးပဲ"
ပိတောက်ခြုံရွာဟာ အိမ်ခြေ ၁၅၀နီးပါးရှိပြီး ဆင်နင်းရွာကတော့ အိမ်ခြေ ၃၀၀ လောက် ရှိပါတယ်။ ပိတောက်ခြုံနဲ့ ဆင်နင်း အပါအဝင် အနီးပတ်ဝန်းကျင်က ကျေးရွာ ခုနစ်ရွာက အရပ်သား လေးထောင်နီးပါး နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးရှိနေလို့ လက်ခံဖြေဆိုနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှု တွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ငါးသိန်းကျော် (၅၄၅,၂၀၀) ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။