ကလေးမြို့မှာ အဖမ်းခံရသူပေါင်း ၄၀၀ နီးပါးရှိ
2021.12.12

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၃၇၇ ဦးရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းကလည်း ကလေးမြို့ အောင်မြေမာန်ရပ်ကွက်က ကိုအောင်ခိုင်မြင့် နဲ့ မခင်ဝင်းဖြူ တို့ ဇနီးမောင်နှံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ဆီကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
သူတို့နှစ်ဦး ဘာကြောင့် ခုလိုအဖမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတင်း မထုတ်ပြန်သေးသလို RFA ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကလေးမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ပင်သာရပ်ကွက်မှာ နေထိုင်တဲ့ မနွယ်နီခိုင်နဲ့ လူငယ်နှစ်ဦးကိုလည်း သူတို့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။