စစ်ကိုင်းတိုင်း မြို့နယ် ငါးခုမှာ တစ်ရက်အတွင်း အိမ် အလုံးပေါင်း ၆ဝဝ နီးပါး မီးရှို့ခံရ

2022.04.30
စစ်ကိုင်းတိုင်း မြို့နယ် ငါးခုမှာ တစ်ရက်အတွင်း အိမ် အလုံးပေါင်း ၆ဝဝ နီးပါး မီးရှို့ခံရ ကန်တော်ကျေးရွာ မီးရှို့ခံထားရသည်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကန့်ဘလူမြို့နယ် အင်းငုတ်တိုရွာ က အိမ် ၁၂၃ လုံး၊ ခင်ဦးမြို့နယ် တပင်ကောင်းရွာက အိမ် အလုံး ၃ဝ၊ မြင်းမူမြို့နယ် ကန်တော်ရွာက ၄ဝ၉ လုံး နဲ့ ရွှေဘိုမြို့နယ် ကျားရွာနဲ့ တန့်ဆည်မြို့နယ် တောဂျင်းရွာ တို့ကတော့ ဒေသခံတွေ ထွက်ပြေးနေကြဆဲဖြစ်လို့ မီးလောင်ဆုံးရှုံးမှုစာရင်း အတိကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲရပ်တန့်သွားပြီးတော့ အနီးနား ရွာကိုဝင်ပြီးမီးရှို့တာပေါ့"

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ရှိတယ်လို့ယူဆပြီး ရွာထဲကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်ငုတ်တိုရွာသား တစ်ယောက်က ပြောပါတယ်။

“စစ်သားတွေရောက်တော့ ရွာအနောက်တောင်ထဲကို ဆင်းလာတာ၊ သူတို့က လမ်း အတိုင်းမဝင်ဘူး၊ ရွာအရှေ့မှာ ချောင်းလေးတစ်ချောင်းရှိတယ်။ အဲဒီချောင်းအတိုင်း ၁၀ ယောက်လောက်ဝင်တယ်။ ကျန်တဲ့သူတွေက ရွာလမ်းကနေဝင်ပြီး လက်နက်ကြီး အလုံး ၃၀ လောက်နဲ့စပစ်တယ်။ စက်သေနတ်တွေနဲ့ ပစ်တယ်။ ၁၁ နာရီကျော်မှာ တစ်ရွာလုံး ကို မီးရှို့တယ်။ အကုန်လုံးတော့မလောင်ပေမယ့် ၁၂၃ အိမ်လောက်ပါသွားတယ်။ ညက မိုးကရွာတော့ တစ်ရွာလုံး ဒုက္ခရောက်နေကြတာ”

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈ဝ ကျော်က စစ်ကြောင်းနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

အင်းငုတ်တိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ကြောင်းထိုးတာ ၃ ကြိမ်ရှိပြီဖြစ်ကာ ဒုတိယအကြိမ်က အသက် ၄ဝ အရွယ် ရွာသား ဦးသိန်းလင်းကို စစ်သားတွေက သတ်ဖြတ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးသွားလာရင်း ကနေ တပင်ကောင်းရွာက အိမ်တွေကို မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တပင်ကောင်းကို ည ၁၂ နာရီလောက်က အိမ် ၃ဝ လောက် မီးရှို့ခံရတယ်။ ကံသစ် ကနေ တပင်ကောင်းဘက်ကို ညနေခင်းမှာ ခြေကျင်စစ်ကြောင်း ၄ နာရီလောက်က ထွက်သွားတဲ့စစ်ကြောင်း ညဘက်မှာ တပင်ကောင်းဘက်ကိုဝင်တယ်။ ဘယ်လိုဖြစ် တယ်ကို မသိဘူး၊ ကနေ့တော့ စစ်ကြောင်းက ရွှေဘို ညောင်ပင်သာဘက် ရောက်သွားပြီ၊ လမ်းသွားလမ်းလာနဲ့ ဝင်နားရင်းနဲ့ရှို့တာပဲ၊ နှစ်ဖက်ထိတွေ့မှုလည်း မဖြစ်ပါဘူး"

ခင်ဦးနယ်ထဲမှာဆိုရင်လည်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကံသစ်ရွာနဲ့ မြို့သစ် ရွာက ရွာသား ရှစ်ယောက်နဲ့ တပင်ကောင်းရွာက ရွာသား သုံးယောက် စုစုပေါင်း ၁၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မြင်းမူမြို့နယ်မှာလည်း ဧပြီလ ၂၉ ရက် မနေ့မနက်ပိုင်းက PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းရာကနေ အနီးနားကျေးရွာဖြစ်တဲ့ ကန်တော်ရွာကို မီးရှို့ခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ကန်တော်နဲ့ ငကင်းကျေးရွာကြားက PDF စခန်းကို ဝင်စီးတယ်။ သူတို့ဘက်က အထိနာသွားတာပေါ့၊ မနက် ၆ နာရီကျော်မှာ တိုက်ပွဲရပ်တန့်သွားတယ်။ တိုက်ပွဲရပ်တန့်သွားပြီးတော့ အနီးနား ရွာကိုဝင်ပြီးမီးရှို့တာပေါ့၊ ဒီကန်တော်ကျေးရွာက ဘာမှသက်ဆိုင်မှုမရှိဘဲနဲ့ မီးဝင်ရှို့သွားပါတယ်“

ကန်တော်ကျေးရွာက အိမ်ထောင်စု ၇ဝဝ နီးပါးထွက်ပြေးနေကြရပြီး ဆပ်ပြာကျင်းရွာနဲ့ ခွက်ခွင်းရွာ အပါအဝင် ရွာပေါင်း ၆ ရွာလောက်က ဒေသခံ ငါးထောင်လောက်လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

အဲဒီနေ့က PDF စခန်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် မြင်းခြံ ZERO ပျောက်ကြားတပ်ဖွဲ့က ရဲ CDM ဝန်ထမ်း ကိုရခိုင်ကြီး သေဆုံးခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ယောက်လည်း သေဆုံး ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

kantaw-fire.JPG
ကန်တော်ကျေးရွာ မီးရှို့ခံထားရသည်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

စစ်ကောင်စီတပ်တွေဟာ အခုလို နေအိမ်တွေမီးရှို့တာ၊ လူတွေကိုသတ်ဖြတ်နေတာဟာ ပြည်သူလူထုကို အကြောက်တရားသွင်းနေတာလို့ ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“အဓိကကတော့ စစ်ကောင်စီက ပြည်သူလူထုကို အကြောက်တရားလိုက်သွင်းနေတာ၊ PDF တွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ ဒေသခံပြည်သူတွေရဲ့ ရွာတွေကို လိုက်ပြီးမီးရှို့နေတာ၊ နောက်တစ်ခုက ဖြတ်လေးဖြတ်ဗျူဟာမှာ PDF တွေ တော်တော် များများက ရိက္ခာတွေကို ရွာတွေကနေ ယူနေတယ်လို့ယူဆတာပေါ့၊ အဲဒါတွေကို မထောက်ပံ့ရဲအောင်လုပ်တာ။ အကြောက်တရားဆိုတာရှိပေမယ့် သူတို့ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်လာမှာမဟုတ်ဘူး၊ အမုန်းစိတ်တွေပဲတိုးလာမှာ“

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အများစုဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရ တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက နေအိမ် မီးရှို့ခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာ သိမ်းချိန်ကနေ အခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း နေအိမ်အလုံး ပေါင်း ၉၁၈၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၅၆၁၇ လုံးနဲ့ မီးရှို့ခံရမှု အများဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။