ကျောင်းမနေနိုင်တဲ့ ကလေး လေးသန်းခွဲနီးပါး ရှိနေ
2015.10.22

မြန်မာနိုင်ငံမှာ ပညာမသင်နိုင်ဘဲ အလုပ်လုပ်နေရတဲ့ ကလေးတွေ သန်းနဲ့ချီ ရှိနေကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ အသက် ၁၈ နှစ်အောက် ကလေး လေးသန်းခွဲနီးပါးရှိနေရာမှာ အများစုဟာ အလုပ်လုပ်နေကြရတဲ့ ကလေးအလုပ်သမားတွေဖြစ်ကြပါတယ်။ သူတို့ဟာ လက်ဘက်ရည်ဆိုင်တွေနဲ့ စက်ရုံ တွေမှာ တစ်ရက် ၁၄ နာရီလောက်နဲ့ အများစုဟာ တစ်ပတ်မှာ ၇ ရက်လုံး အလုပ်လုပ် နေကြရတာဖြစ်ပါတယ်။
ဗြိတိန် အခြေစိုက် Verisk Maplecroft သုတေသနအဖွဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ကလေးသူငယ်ခိုင်းစေမှု အခြေအနေ အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ သတ္တမ အဆင့် မှာရှိနေပါတယ်။
မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် အလုပ်လုပ်ခွင့်ရှိတဲ့ အသက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အလုပ်သမား ဥပဒေတွေ မှာ ရှင်းရှင်းလင်းလင်း ပြဌာန်းမထားကြောင်း၊ ကလေးအလုပ်သမားပြဿနာကို ဖြေရှင်းမယ်လို့အစိုးရပြောပေမဲ့ မဖြစ်မနေ လိုက်နာရမယ့် ဥပဒေ စည်းမျဉ်းတွေက ရေးဆွဲနေဆဲဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ILO ဝန်ထမ်းတစ်ဦးက ပြောဆို တယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။
အခုအခါ ကလေးအလုပ်သမားတွေကို ပညာသင်ကြားပေးရေး အရပ်ဘက်အဖွဲ့တွေ ပေါ်ပေါက်လာ နေရာမှာ myME လို့ ခေါ်တဲ့ ရွေ့လျားပညာရေး အစီအစဉ် ဟာ ရန်ကုန် နဲ့ မန္တလေးမှာ ကလေးလုပ်သား ၆၀၀ ကို သူတို့ အလုပ်ပြီးချိန်မှာ ပညာသင်ကြား ပေးနေပါတယ်။
အလားတူ လမ်းပေါ်က ကလေးတွေအတွက် ပညာသင်ဆု ဆိုတဲ့ အဖွဲ့ကလည်း ကလေးတွေအလုပ်လုပ်လို့ ရမယ့်ငွေကြေးကို မိဘတွေကို ပြန်လျော်ပေးပြီး ပညာသင်ပေးတဲ့အစီအစဉ် အကောင်အထည်ဖေါ်နေရာမှာ အခုအခါ ကလေး သုံးရာ လောက် ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးကို ဖွင့်လိုက်ပြီး လေးနှစ်အကြာမှာ ပေါ်ပေါက်လာတဲ့ ဟိုတယ်သစ်တွေ၊ ကော်ဖီ ဆိုင်တွေ၊ စက်ရုံတွေမှာ အလုပ်သမားတွေကို အသက်အရွယ် မရွေး ခေါ်ယူခိုင်းစေနေတာကြောင့် ကလေးတွေ ဟာ ပစ်မှတ်ဖြစ်နေဆဲပဲလို့ AFP သတင်းကဖေါ်ပြပါတယ်။