ကျောက်စိမ်းတွင်း ရေမဆေးသမားတို့အတွက် ဥပဒေလိုအပ်

အောင်သိင်္ခ
2020.07.08

ဖားကန့်ဒေသက မြေပြိုမှုမှာ သေဆုံးသွားသူ အများစုဟာ တရားမဝင် လုပ်ကိုင်နေသူတွေဖြစ်ကြောင်း၊ အလုပ်ရရှိဖို့ ခက်ခဲနေသေးတာကြောင့် တရားမဝင် လုပ်ကိုင်သူတွေ များနေတာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောပါတယ်။ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းမှာ တရားဝင် လုပ်ကိုင်ရေး၊ မတော်တဆ သေဆုံးမှုတွေလျော့ပါးရေး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

ကချင်ပြည်နယ်က ဖားကန့်မြို့နယ် ကျောက်စိမ်းနယ်မြေမှာ ရေမဆေးကျောက် ရှာဖွေနေတဲ့ လူဦးရေ ငါးသိန်း နီးပါးရှိနေပြီး ဇူလိုင်လ ၂ ရက်နေ့က မြေပြိုပြီး သေဆုံးသွားသူတွေထဲမှာ တရားမဝင် ကျောက်မျက်ရှာဖွေသူတွေ များတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

"ဖားကန့်ဟာဘာဖြစ်လို့ တစ်ဆက်တည်းပြောချင်လဲဆိုတော့ ဒါဟာ ကျမတို့ နိုင်ငံအတွက်လည်း ဝမ်းနည်းစရာ ကိစ္စတစ်ခုဖြစ်တယ် အခုကလည်း ကျမတို့အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲမှုနဲ့ ပတ်သက်နေတဲ့ ကိစ္စတစ်ခုဖြစ်တယ် ဖားကန့်မှာကျောက်တူးတယ်ဆိုတာ တော်တော်များများက ကျမတို့ပြည်သူတွေက အသက်မွေးဝမ်းကျောင်းပေါ့ ဝမ်းစာအတွက် လုပ်တာပေါ့နော် အဲဒီမှာဆိုလို့ရှိရင် ကွယ်လွန်သွားတဲ့သူတွေအထဲမှာဆိုလို့ရှိရင် တရားမဝင်တူးနေတဲ့ သူတွေလည်း တော်တော်များများပါပါတယ် တရားမဝင် သွားပြီးကျောက်တူးနေရတယ်ဆိုတာဟာ တရားဝင်အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အချိန်အခါမှာ ကျမတို့နိုင်ငံက အတိုင်းအတာတစ်ခုအထိ ရှိသေးတယ်ဆိုတာ အဲဒါကတော့ လက်ခံရမှာပဲ ရင်ဆိုင်ရမှာပဲ ကျမတို့အနေနဲ့ ကျမတို့ပြည်သူများပေါ့နော် တရားဝင်အလုပ်အကိုင် ရရှိရေးကို သိပ်ပြီးတော့ အလေးထားတာပါ"

ဒါကတော့ မြေပြိုကျပြီး နောက်တစ်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်တွေနဲ့ ဆွေးနွေးချိန်မှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲနေပြီး စားဝတ်နေရေးအတွက် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်မှာ သွားရောက် ရှာဖွေစားသောက်ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေ တရားဝင်အလုပ်အကိုင် ရရှိရေးအတွက် အလေးထားဖို့ လိုအပ်တယ်လို့  ပြောသွားပါတယ်။

၂၀၁၉ ခုနှစ် ကျောက်မျက်ရတနာဥပဒေမှာ အလတ်စားလုပ်ငန်းတွေက ငါးဧက၊ အသေးစား လုပ်ငန်းအတွက် သုံးဧက၊ လက်လုပ်လက်စား တူးဖော်သူတွေက တစ်ဧကအထိ တူးဖော်လုပ်ကိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထား ပါတယ်။

ရေမဆေးကျောက်သမားလို့ခေါ်ကြတဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံမှာ ပြန်ရောင်းလို့ ရတဲ့ကျောက် ရှာဖွေကြသူတွေအတွက်တော့ ဥပဒေမှာ ထည့်သွင်းရေးဆွဲထားတာ မရှိဘူးလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"ရေမဆေးဆိုတာက ဖားကန့်မှာပဲသုံးတာလေ မိုးကုတ်မှာလည်းမရှိဘူး မိုင်းရှူးမှာလည်း မရှိဘူး ဒါကိုဘယ်လိုလုပ်ရမလဲ အဲတော့ ဥပဒေမှာ ကျောက်မျက်ရတနာဥပဒေ ကျောက်စိမ်းဥပဒေ သပ်သပ် တစ်ခုတည်းမဟုတ်ဘူး ဥပဒေတစ်ခုတည်းနဲ့ ပြုစုထားတဲ့အခါကျတော့ လုပ်ရကိုင်ရတာအတော်ခက်တယ် အခုဒီမှာ ရေမဆေးသုံးတယ် ဟိုမှာက ရေမဆေးမှ မရှိတာ ရေမဆေးကို လုပ်ပိုင်ခွင့်ဖို့ဆိုတာက တစ်ဖက်မှာလည်း ဥပဒေပြုရေးကဏ္ဍမှာ တအားခက်တယ် ရေမဆေးဆိုတာက ပြောနေကြတာလေ တရားမဝင်ပေါ့ ဦးလေးတို့ အနေနဲ့လုပ်ပေးချင်ပါတယ် အခြေအနေအရက လွယ်ကိုမလွယ်တဲ့ အနေအထား ဥပဒေပြုရေးကဏ္ဍမှာလည်း တော်တော်ကို အခက်အခဲဖြစ်တဲ့ အနေအထား မရခဲ့လို့ ဦးလေးတို့တောင် လက်လျှော့ခဲ့ရတယ်လေ ရေမဆေးကိုပေါ့ ဒီလိုကိစ္စတွေဟာ တစ်ခါတစ်လေကျရင် စိတ်ကူးယဉ်လို့တော့ ကောင်းပါတယ်။ လုပ်ပေးနေရင်း ဦးလေးတို့ကိုယ်တိုင်လည်း အိပ်မက်မက်ခဲ့တာပဲ အခုလက်ရှိ အနေအထားမှာက တော်တော်ကြီးကို ခက်တယ်။"

ရေမဆေးရှာဖွေသူတွေနဲ့ ပတ်သက်ပြီး ကျောက်မျက်ဥပဒေမှာ ကဏ္ဍတစ်ခု အနေနဲ့ပါဝင်ဖို့ သူ့အနေနဲ့ ကြိုးစားခဲ့ဖူးတယ်လို့ ပြောပါတယ်။ ကျောက်တူးနေတဲ့ ကုမ္ပဏီတွေကတော့ လုပ်ငန်းသိမ်းချိန်၊ နားချိန်တွေမှာ အချိန်သတ်မှတ်ချက် တစ်ခုအနေနဲ့ ရေမဆေးရှာဖွေသူတွေကို ဝင်ရောက်ရှာဖွေခွင့် ပေးထားပါတယ်။

ကျောက်မျက်ရတနာဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက မြန်မာနိုင်ငံက ကျောက်မျက်ရတနာ ထွက်တဲ့ဒေသတွေပေါ်မှာ မူတည်ပြီး ဥပဒေသီးသန့် ထုတ်မယ်ဆိုရင်တော့ အခုလို မြေပြိုပြီး သေဆုံးတာတွေ နည်းသွားနိုင်တယ်လို့ ပြောပါတယ်။

"ဥပဒေအရကိုက ကျောက်မျက်ရတနာဥပဒေ အားလုံးကိုအကျုံးဝင်နေမှသာလျှင် သူ့ကိုအမည်နဲ့ အဓိပ္ပါယ်ဖော်ပြချက်မှာ သုံးလို့ရတာလေ ရေမဆေးဆိုတာက မိုးကုတ်မှာလည်း မရှိဘူး မိုင်းရှူးမှာလည်းမရှိဘူး ကျန်တဲ့ကျောက်မျက်ရတနာမှာလည်း ရေမဆေးဆိုတဲ့အသုံးအနှုန်းကို ရှိမှမရှိတာကိုး ကျောက်စိမ်းတစ်ခုတည်းအတွက်မှာပဲရှိတာ ဥပဒေအရကိုမှ ကျောက်မျက်ရတနာ ဥပဒေ ကျောက်စိမ်းလည်းပါတယ် ကျောက်နီလည်းပါတယ် ပတ္တမြားလည်း ပါတယ် သတ္တုလည်း ပါတယ် အကုန်လုံးကို ရောသမမွှေပြီးတော့ လုပ်ထားတဲ့အခါကျတော့ အားနည်းချက်တွေ ပျော့ကွက်တွေဟာကွက်တွေ အပြည့်ဖြစ်နေတယ် ဒါကိုကကျတော်တို့ သတ်သတ်မှတ်မှတ် ကျောက်စိမ်းဆို ကျောက်စိမ်းဥပဒေ ကျောက်နီဆို ကျောက်နီဥပဒေ သတ္တုဆိုသတ္တု ဒါမျိုးကို သတ်သတ်မှတ်မှတ် ပြဌာန်းပေးနိုင်မှသာလျှင် ကျနော်တို့က အဆင်ပြေမယ်"

ဖားကန့်နယ်မြေက ရေမဆေးကျောက်ရှာဖွေသူတွေအတွက် အန္တရာယ်ရှိတဲ့ နေရာတွေကို မဝင်ရောက်ဖို့တားမြစ် ဆိုင်းဘုတ်တွေ တပ်ထားတာတွေ လုပ်ဆောင်ထားတယ်လို့ပြောပါတယ်။

ရေမဆေးကျောက်ရှာဖွေသူတွေ  တရားဝင်ဖြစ်အောင် လုပ်ဆောင်တာထက် ဖားကန့်နယ်မြေ တစ်ခုလုံးကို စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့ အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကချင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဗန်းမော်မြို့က ဒေါ်ခွန်ဂျာက ပြောပါတယ်။

"နံပါတ် ၁ ကတော့ ဒီရေမဆေးတရားဝင်တယ် မဝင်ဘူးဆိုတာထက် ဒီ Industry လုပ်ငန်း တစ်ခုလုံးပေါ့နော် ကျောက်စိမ်းနဲ့ ပတ်သက်ပြီးတော့မှ လုပ်ငန်းတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် လိုအပ်တာပါ။ အဲလိုမျိုး မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါရေမဆေးတင် မကပဲနဲ့ နောက်ထပ်ရေမဆေးလို့ မပြောရင်လည်း အခြားသော အမျိုးမျိုးသော လုပ်ငန်းတွေ ပေါ်ပေါက် လာမှာပဲ ဖြစ်တယ်ပေါ့နော် တရားဝင်သလား မဝင်ဘူးလားဆိုတာလည်း ဥပဒေက ဘယ်လိုပုံစံမျိုး လုပ်ထားသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်မယ်ပေါ့ အဲတော့ ဒီ Sector တစ်ခုလုံးကို Reform ပြုပြင်ပြောင်းလဲလုပ်မှပဲ ဒီဟာတွေက ပျောက်ကွယ် သွားမှာဖြစ်တယ်ပေါ့ တရားမဝင်လို့ ပြောတာကတော့ နစ်နာတဲ့လူတွေကို ပြန်ပြီးတော့မှ အပြစ်တင်တာပေါ့ ဥပမာ မုဒိန်းမှုမှာဆိုလို့ရှိရင် မုဒိန်းကျင့်ခံရတဲ့သူကိုပဲ အမျိုးသမီးကိုပဲ ပြန်ပြီးအပြစ်မြင်သလိုမျိုး ဖြစ်နေတယ်ပေါ့"


ဖားကန့်နယ်မြေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ ရှိနေတယ်လို့ ပြောပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းမှာတော့ ပြည်နယ်အစိုးက ရေမဆေးကျောက်ရှာဖွေသူတွေကို အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးသွားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အသိအမှတ်ပြုကတ်ပြား ရရှိထားသူတွေကို အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးသွားမှာဖြစ်တဲ့အပြင် အလုပ်အကိုင်ရှာဖွေပေးတဲ့အထိ ဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ သိန်းနဲ့ချီရှိတဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမားတွေ တရားဝင် အလုပ်အကိုင် ရရှိရေးဟာ အာဏာပိုင်တို့အတွက် စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။

ရေမဆေးကျောက်ရှာဖို့ သတ်မှတ်ပေးထားတဲ့ အချိန်မဟုတ်ဘဲ လုပ်ကွက်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေကြသူတွေကို ရဲတပ်ဖွဲ့က တားဆီးရင်း သေနတ်နဲ့ ခြောက်လန့် ပစ်ခတ်ရာမှာလည်း ထိခိုက်ဒဏ်ရာရမှု တစ်ခါတစ်ရံ ဖြစ်ခဲ့ပါတယ်။

ဖားကန့်နယ်မြေက ရေမဆေးကျောက်ရှာဖွေသူတွေ အသက်အန္တရာယ်ကင်းကင်းနဲ့ ရှာဖွေနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် အချက်တွေ အမြောက်အမြားရှိနေသေးတဲ့အတွက် ရေမဆေးရှာဖွေသူတွေအနေနဲ့ ကိုယ့်အသက်ဘေးကို ကိုယ်တိုင်ကြည့်ရှောင်ပြီး မြေစာပုံမှာ ပြန်ရောင်းလို့ရတဲ့ကျောက်ကို ဆက်လက် ရှာဖွေနေကြဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။