ပန်းမြတ်မာလာကုမ္ပဏီရဲ့ တစ်ရှူးငှက်ပျောစိုက်ခင်း မေ ၂၀ နောက်ဆုံးထားဖယ်ရမည်
ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော ထပ်မံ မစိုက်ပျိုးဖို့ ပြည်နယ်အစိုးရက တားမြစ်ထားတာကို ဖောက်ဖျက်ပြီး ပန်းမြတ်မာလာကုမ္ပဏီက စိုက်ပျိုးထားတဲ့ ဧကထောင်နဲ့ချီတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေကို မေ ၂၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ ညွှန်ကြားထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဒီနေ့ လွှတ်တော်မှာ ပြောလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ တာဆိုင်၊ တိန်းပကျိုင်းကျေးရွာဒေသအနီးမှာ သတ္တုတူးဖော်ရေးလုပ်ငန်း အမည်ခံထားတဲ့ ပန်းမြတ်မာလာ ကုမ္ပဏီက ဧက ၁၅၀၀ ကျော် ကို တရားမဝင်ရယူပြီး စိုက်ပျိုးနေတာကို အမြန်ဆုံးအရေးယူပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။
အဲဒီမေးခွန်းကို ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဖြေကြားရာမှာ ပန်းမြတ်မာလာကုမ္ပဏီက စိုက်ပျိုးထားတဲ့ ဧကထောင်နဲ့ချီတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေကို မေ ၂၀ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရမှာဖြစ်ကြောင်း၊ မဖယ်ရှားရင် မေ ၂၁ ရက်နေ့မှာ တရားစွဲခံရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မေးခွန်းမေးမြန်းသူ ဒေါက်တာ ခွန်ဝင်းသောင်းက ကုမ္ပဏီအနေနဲ့ စိုက်ပျိုးခဲ့တဲ့အပေါ် ကော်မတီဖွဲ့ အရေးယူဖို့ ရှိ၊ မရှိ ထပ်ဆင့်မေးမြန်းရာမှာတော့ ပြည်နယ်အစိုးရနဲ့ တိုင်ပင်ပြီးမှ ဖြေကြားနိုင်မယ်လို့ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောပါတယ်။
ပန်းမြတ်မာလာကုမ္ပဏီကို ဓာတ်သတ္တုအသေးစားထုတ်လုပ်ဖို့ ခွင့်ပြုထားတာဖြစ်ကြောင်း၊ တခြားဘယ်စီးပွားရေးလုပ်ငန်းကိုမှ လုပ်ကိုင်ခွင့်မပြုခဲ့ကြောင်း၊ ဒါပေမဲ့ ကုမ္ပဏီဟာ တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးခဲ့ကြောင်း၊ အခုအချိန်မှာ ဧက ၂၀၀၀ ကျော် စိုက်ပျိုးနေကြောင်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။