ဗိုလ်ချုပ်ဟောင်းတချို့ ပါဝင်မယ့် နိုင်ငံရေးပါတီသစ် တည်ထောင်ခွင့် လျှောက်ထား


2018.08.28
uec-622 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ အဝင်ဝကို တွေ့ရစဉ်
Photo: RFA

အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတချို့ ပါဝင်ကြမယ့် နိုင်ငံရေးပါတီတစ်ခုကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်မှာ ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားတယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

အမျိုးသားနိုင်ငံရေးပါတီဆိုတဲ့နာမည်နဲ့ အငြိမ်းစားဗိုလ်ချုပ် ဦးစိုးမောင် က ဦးဆောင်ပြီး မကြာသေးခင် ရက်ပိုင်းက လာရောက်လျှောက်ထားတာလို့ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။

"အခု သူတို့ပေးထားတဲ့အမည်ကတော့ အမျိုးသားနိုင်ငံရေးပါတီဆိုတဲ့အမည်နဲ့ လာပြီးလျှောက်ထားပါ တယ်ခင်ဗျ၊ ဦးစိုးမောင် ဦးဆောင်ပါတယ်၊ ပြည်ထောင်စုအဆင့်ပေါ့ တစ်တိုင်းပြည်လုံးပေါ့၊ အခုကတော့ တည်ထောင်ခွင့် လျှောက်တာပေါ့နော်၊ လုပ်ရိုးလုပ်စဉ်အရ သက်ဆိုင်ရာ လဝက တို့ ပြည်ထဲရေးတို့က လိုအပ်တဲ့အချက်တွေ မေးမြန်းထားတာပေါ့နော်၊ ပထမအဆင့်ပဲ ရှိပါသေးတယ်၊ ပါတီတည်ထောင် ခွင့် လျှောက်ထားတဲ့အဆင့်ပဲ ရှိပါသေးတယ်"

အငြိမ်းစား စစ်ဗိုလ်ချုပ်တွေဖြစ်ကြတဲ့ ဦးစိုးမောင် နဲ့ ဦးလွန်းမောင် တို့က အဲဒီပါတီကို ဦးဆောင်ပါဝင်ကြတာ ဖြစ် ပါတယ်။

အဲဒီပါတီဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကိုယ်စားပြုတဲ့ ပါတီတည်ထောင်ခွင့်ကို ရည်ရွယ်လျှောက် ထားတာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ပါတီတည်ထောင်ခွင့်ပြုသင့် မပြုသင့် စိစစ်နေဆဲဖြစ်တယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။

အငြိမ်းစားဗိုလ်ချုပ် ဦးစိုးမောင်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က သမ္မတရုံး ဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလည်း ဗဟိုဦးဆောင်ကော်မတီဝင် တစ်ဦး ဖြစ်ပါတယ်။

အငြိမ်းစားဗိုလ်ချုပ် ဦးလွန်းမောင်ကတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်က ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်ကာ လက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အောင်ပြည့်စုံ ဆိုတဲ့ ဆိုင်နာမည်နဲ့ ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေပါတယ်။

အဲဒီ စစ်ဗိုလ်ချုပ် နှစ်ဦးတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။