မြန်မာ့အလင်း တရားမဝင် ရိုက်နှိပ်ရောင်းချသူ ဝန်ထမ်း ၅ ဦး အဖမ်းခံရ

အစိုးရပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ရန်ကုန်မြို့မှာ တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိရောင်းချနေကြတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းက ဝန်ထမ်း ၅ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။
2011.09.22
newspaper_tea_shop_305_z.jpg အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာ့အလင်း သတင်းစာ စောင်ရေအပိုတွေကို တရားမဝင် ခိုးရိုက်ပြီးဖြန့်ချိနေတာဖြစ်ပြီး နှစ်ပေါင်းများစွာ တရားဝင် ရောင်းဈေး ၅၀ ကျပ်အစား ၄၅ ကျပ်နှုန်း နဲ့ မှောင်ခိုဖြန့်ချိ ရောင်းချနေသူတွေလို့ သိရပါတယ်။

ဒီအမှုမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆရတဲ့ မြန်မာ့အလင်း သတင်းစာ ဖြန့်ချိရေးဌာနက အရာရှိ တဦး အပါအဝင် အရာထမ်း ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး မနေ့ကလည်း ငွေစာရင်းဌာနက အရာရှိတစ်ဦးကို ထပ်မံ ဖမ်းဆီးထားပါတယ်။

အဲဒီအရာရှိဟာ စစ်ဖက်က လာတဲ့အရာရှိ ဖြစ်ပြီး သူတဦးထဲ ငွေကျပ်သိန်း ၂၅၀၀ ခန့် ပေးလျော် ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီအမှုမှာ အခြားပြန်ကြားရေး ဌာနက အဆင့်မြင့် အရာရှိကြီး တွေပါ ပါဝင် ပတ်သက်နေပြီး မြန်မာ့အလင်း သတင်းစာက အောက်ခြေဝန်ထမ်း အချို့ဟာ ကျပ်သိန်းဆယ် ဂဏန်းနဲ့ချီပြီး ခွဲတမ်းချပေးရမယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ သတင်းစာ ကြော်ငြာဌာနက တိမ်းရှောင်နေရတဲ့ အရာရှိတဦးရဲ့ ဒဂုံမြို့သစ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူခဲ့ပါတယ်။

ဒီသတင်းစာတွေကို ဖြန့်ချိပေးခဲ့တဲ့ ရန်ကုန်က သတင်းစာ ကိုယ်စားလှယ် အချို့ကို စက်တင်ဘာ ဒုတိယပတ် အတွင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ခေါ်ယူ စစ်ဆေးခဲ့ပြီး ဒီသတင်းစာ ကိုယ်စားလှယ်တွေပါ ငွေပေးလျော်ဖို့နဲ့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်မှုနဲ့အရေးယူဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-27 09:43

သတင်းစာတိုက်တွေမှာလဲ ဗိုလ်မှူးဟောင်း သက်ဆွေက ခြယ်လှယ်နေတဲ့အတွက် သတင်းစာတိုက် အယ်ဒီတာချု ပ်နဲ့ အယ်ဒီတာတွေက ထိုင်နေရုံသာရှိတယ် ကြားနေရပါတယ်
ပြီးတော့ အခု ဒုဝန်ကြီးဖြစ်သွားတဲ့ ဗိုလ်မှူးကြီးဟောင်း စိုးဝင်း က စာနယ်ဇင်းကို အမ်ဒီဘ၀နဲ့ အုပ်ချုပ်ခဲ့ရာမှာ စာနယ်ဇင်းဘ၀ဟာ စုတ်ပြတ်သွားတယ်ဆိုတာ စစ်ဆေးရင် ပေါ်နိုင်ပါတယ်
စစ်ဆေးဖို့လဲ လိုပါလိမ့်မယ်
ပြည်သူတွေကို ပညာပေးမယ့်သတင်းစာမှာ ဗိုလ်ပြုတ်တွေကို မထားပဲ
ပညာတတ် အရည်အချင်းရှိ လူငယ်တွေကို နေရာပေးဖို့ လိုပြီဆို ၀န်ကြီး ဦးကျော်ဆန်း ဘယ်တော့များမှ သိလာမလဲဗျာ

Anonymous
2011-09-27 09:34

ပြန်ကြားရေးဝန်ကြီးဌာနမှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်းဌာနကိုတော့ နိုင်ငံတော် လူကြီးတွေက သတိထားဖို့လိုနေပြီ
စာနယ်ဇင်းဌာနမှာ ဗိုလ်ပြုတ်တွေကို ခန့်လို့တော့ ဒီလို ထပ်ဖြစ်နေဦးမှာပဲ
ပညာတတ်လူငယ်တွေကို ဘေးဖယ်ပြီး ဗိုပြုတ်ကိုပဲ ခန့်မယ်ဆိုရင် မတွေးရဲစရာပါပဲ

Anonymous
2011-09-23 03:46

နေပြည်တော်ကောင်စီနယ်မြေ ခရေပင်လမ်းခွဲ (နွားခြံကုန်း) ရှိ ကြေးမုံသတင်းစာတိုက်တွင်လည်း ၀န်ထမ်းများထံမှ ထမင်းဖိုး ပိုက်ဆံ ၂၁၀၀ ကို ဗိုလ်လှရွှေဆိုသူ ဖြတ်တောက်နေကြောင်း.........

Anonymous
2011-09-24 03:28

စစ်ဘက်က လာတဲ့ အရာရှိဆိုတာက ဗိုလ်ကြီးထွန်းထွန်းလတ်ဆိုတသူဖြစ်ပါတယ်........သူကတော့ အခု ဒုဝန်ကြီးရဲ့ တပည့်အရင်းပါ......အခုလိုဖြစ်ရတာလည်း သူ့ဆရာကို ရှာကျွေးရင်းနဲ့ ဖြစ်ရတာလို့ မြန်မာ့အလင်းအသိုင်းအ၀န်းကနေတစ်ဆင့် သိရပါတယ်......

Anonymous
2011-09-25 01:52

မြန်မာအလင်းသတင်းစာတိုက်မန်နေဂျာဗိုလ်ကြီးထွန်းထွန်းလတ်ကဲ့သို့ အောက်လက်ငယ်သားကိုစောင့်ရှောက်ပီးအထက်လူကြီးအားအဆင်ပြေအောင်ဆောင်ရွက်ပေးသည့်မန်နေဂျာမျိုးအားယခင်ကမတွေ့ ခဲ့ဘူးပါ။အထက်မှပေးအပ်သောတာန်ကိုကြေပွန်အောင်ထမ်းဆောင်နိုင်သည့်ထိုကဲ့သို့ သောမန်နေဂျာမျိုးယခင်ကမတွေ့ ခဲ့ဘူးပါ။အလားတူအမိန့် အာဏာအသုံးပြုပီးငွေတောင်းသည့်စာတည်းမှူးချုပ်ဦးလှိုင်ဝင်း၊ငွေစာ၇င်းဒေါ်မြင့်မြင့်ဦးကဲ့သို့ လူကြီးမျိုးအားလဲယခုမှတွေ့ ဘူးခြင်းဖြစ်ပါသည်။

(မြန်မာ့အလင်းသတင်းစာတိုက်မှဝန်ထမ်းတစ်ဦး)

ဆက်လက်ဖော်ပြပါအုန်းမည်....

Anonymous
2011-09-25 02:48

တစ်နေ့က ကြော်ငြာတာဝန်ရှိတဲ့သူကိုပါ ထပ်ဆွဲသွားပြန်ပြီဗျို့......