စစ်ကောင်စီကိုမဖိတ်ဖို့ နယူးဇီလန်အစိုးရကို အရပ်ဘက်အဖွဲ့ လေးရာကျော် တောင်းဆို
2024.04.06

နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အာဆီယံ - နယူးဇီလန် အစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုဖို့ အရပ်ဘက်အဖွဲ့အစည်း လေးရာကျော်က ဧပြီလ ၆ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
ဝယ်လင်တန်မြို့မှာ ဧပြီလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့မှာပြုလုပ်မယ့် အစည်းအဝေးနဲ့ လာမယ့်မေလထဲ ဗီယန်ကျင်းမြို့မှာပြုလုပ်မယ့် အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဖို့ နယူးဇီလန် အစိုးရသစ်ကို တောင်းဆိုထားတာပါ။
အာဆီယံ - နယူးဇီလန် အစည်းအဝေးမှာ စစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့အရာရှိကို တက်ရောက်ဖို့ နယူးဇီလန်အစိုးရက ဖိတ်ကြားထားတာကို ပယ်ဖျက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကို တရားဝင် အစိုးရအနေနဲ့ အသိမှတ်ပြုဖို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
အရင် နယူးဇီလန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေးအရ ပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိအစိုးရအသစ်ကတော့ စစ်ကောင်စီဘက်က အရာရှိကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအိတ်ဖွင့်တောင်းဆိုစာကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက အရပ်ဘက်အဖွဲ့အစည်း ၄၃၈ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။