ငခူတိုင်ကျေးရွာကို အကြမ်းဖက်သမားတွေ မီးရှို့
2017.08.28
မောင်တောဒေသ မြောက်ပိုင်းမှာရှိတဲ့ ငခူတိုင်ကျေးရွာကို အစွန်းရောက် အကြမ်းဖက်သမားတွေ က ဒီနေ့ မီးရှို့လိုက်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးပုန်းအောင်းနေရတယ်လို့ သိရပါတယ်။
ငခူတိုင်ရွာအပြင် အနီးမှာရှိတဲ့ မြဝတီကျေးရွာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာသား ၂ ရာကျော်ဟာ တောတောင်တွေထဲမှာ ပုန်းအောင်းနေရတယ်လို့ ထွက်ပြေးလာတဲ့ ရွာခံတဦးက ပြောပါတယ်။
"ကျနော်တို့ ပဒဂါးရွာသစ်အုပ်စု ငခူတိုင်ရွာ အိမ်ခြေက ၃၈ ဆောင်ကို အခုပဲ မီးရှို့လိုက်ကြတာပါ။ အကူအညီ လိုတာက အများကြီးပါ။ အကူအညီက တခြားဘာမှမလိုပါ။ စားရေးသောက်ရေးလည်း ကျနော်တို့မလိုပါဘူး။ ကျနော်တို့အတွက် လုံခြုံရေးပဲလိုနေတာပါ။ ကျွန်တော်တို့ရဲ့အသက်ကို ကာကွယ်ပေးဖို့ လုံခြုံရေးပဲလိုပါတယ်"
မီးရှို့ခံရတဲ့ ငခူတိုင်ကျေးရွာအပြင် မြဝတီကျေးရွာကိုပါ အကြမ်းဖက်သမားတွေက ရန်ပြုဖို့ ကြိုးစားလာတဲ့အတွက် ထွက်ပြေးခဲ့ကြတာလို့ ပြောပါတယ်။
ဒါ့အပြင် သရက်အုပ်ကျေးရွာကိုလည်း အကြမ်းဖက်သမားဦးရေ တထောင်လောက်က ဝိုင်းဝန်းပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့အတွက် ရွာမှာရှိနေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ရွာခံတဦးက ပြောပါတယ်။
"၁၂ နာရီထိုးဖို့ ၅ မိနစ်အလိုလောက်မှာ စဖြစ်တာပါ၊ ၁ နာရီမှာ သူတို့ဆုတ်ပါတယ်၊ ကျနော်တို့ ရေတပ်ကို ဖုန်းဆက် အကူအညီတောင်းလို့ ရေတပ်ကအကူအညီပေးလို့ သူတို့အကုန်လုံးဆုတ်သွားတာပါ၊ ကုန်းကြောင်းက လာလို့မရဘူးလေ သူတို့အကုန်လုံး မိုင်းတွေထောင်ထားတယ်၊ ကုန်းကြောင်းက လာလို့အဆင်မပြေဘူး ရေလမ်းကပဲအဆင်ပြေတယ်’’
တိုက်ပွဲဖြစ်နေချိန်မှာ ရေတပ်အကူအညီ ရောက်လာတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေ နောက်ဆုတ်သွားတယ်လို့ သရက်အုပ်ရွာသား ဦးမြင့်လှိုင်က ပြောပါတယ်။
မောင်တောမြို့နဲ့ ၁ဝ မိုင်ကျော်ကွာဝေးတဲ့ သရက်အုပ်ကျေးရွာမှာ အိမ်ခြေ ၁၄ လုံးသာရှိပြီး၊ ရခိုင်တိုင်းရင်းသား ၄ဝ လောက် နေထိုင်နေကြတာပါ။ ရွာအနီးအနားမှာလည်း မိုင်းတွေထောင်ထားတဲ့အတွက် သွားလာရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။
အလားတူပဲ မောင်တောမြောက်ပိုင်းက အထက်ပြူးမကျေးရွာကို ဒီနေ့ မီးရှို့ ခံရတဲ့အတွက် ရွာသားတွေ ငခူရကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြပြီးနောက်၊ ငခူရကျေးရွာကိုလည်း အကြမ်းဖက်သမားတွေက ထပ်မံတိုက်ခိုက်ဖို့ ကြိုးစားလာတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘူးသီးတောင်မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အဲဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံခြားသားတွေဟာ မနေ့ကစပြီး စစ်တွေမြို့ကို တိမ်းရှောင်လာနေကြ တယ်လို့ သိရပါတယ်။