ငခူရမီး လူပေါင်း ၆၀၀ အိုးမဲ့အိမ်မဲ့ဖြစ်
2018.04.13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငခူရကျေးရွာမှာ ဧပြီလ ၁၂ ရက်နေ့ မနေ့က နေအိမ် ၆၀ ကျော် မီးလောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။
ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ ရွာထဲက စာသင်ကျောင်းမှာ ယာယီနေ ထိုင်နေကြရတယ်လို့ မောင်တောမြို့နယ် ဟိန္ဒူလူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ဦးနီမော် ကပြောပါတယ်။
"အိမ်တစ်အိမ်က မီးစလောင်သွားတယ်လို့ပြောတယ်၊ လူပေါင်း ၆ဝဝ ကျော်လောက်ရှိတယ်၊ အဲဒီမှာလေ၊ စာသင်ကျောင်းနားမှာပဲ နေကြပါတယ်၊ စားဝတ်နေရေး မနက်ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ သူတို့အားလုံးအတွက် ဆန်တို့ဘာတို့ လှူပေးခဲ့တယ်လို့ပြောပါတယ်"
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ မိသားစုတွေအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန်နဲ့စားနပ်ရိက္ခာတချို့ ကူညီပေးထားပြီး ဟိန္ဒူလူမှုကူညီရေးအဖွဲ့က ဒီနေ့ အကူအညီတွေ သွားပေးနေတယ်လို့ ဦးနီမော်က ပြောပါတယ်။
ငခူရကျေးရွာဟာ ရခိုင်တိုင်းရင်းသားတွေအပြင် ဟိန္ဒူနဲ့ မွတ်စလင်တွေ နေထိုင်ကြတဲ့ကျေးရွာဖြစ်ပြီး မနေ့က မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ ဖြေကြားတာမရှိပါဘူး။