ငါန်းဇွန်မြို့မှာ သတ်ဖြတ်ခံထားရတဲ့ အလောင်းငါးလောင်းတွေ့
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကုလရွာအနီးမှာ သတ်ဖြတ်ပြီး စွန့်ပစ်ခံထားရတဲ့ လူငါးဦး ရဲ့အလောင်းတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၈ ရက် မနေ့က လာရောက် သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကားသုံးစီးနဲ့ ကုလရွာအဝင် ဇရပ်နားမှာ လာရောက်စွန့်ပစ်ခဲ့တာ ဖြစ်ပြီး နောက်တစ်နေ့မနက်မှာ ပြန်လာသယ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ည (အောက်တိုတာ ၁၇ ရက်) ၉ နာရီလောက်မှာ ငါန်းဇွန်မြို့ဘက်ကလာတဲ့ စစ်ကားသုံးစီး ကုလရွာအဝင် ဇရပ်နားမှာရပ်ပြီး အလောင်းတွေကို ပစ်ပြီးပြန်သွားတာ။ မပြန်ခင် သေနတ်တွေ ဖောက်သွားကြသေးတာ။ မနက်ကျမှ ရွာထဲကလူတွေ ယာခင်း သွားမှ မြင်ကြတာ။ မနက် ၉ နာရီလောက်မှာ တစ်ခါပြန်လာပြီး စစ်ကား သုံးစီးနဲ့ ပြန်လာသယ်ယူသွားတယ်”
သေဆုံးသူတွေထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ပါဝင်ပြီး အဲဒီလူတွေဟာ ကုလရွာက မဟုတ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ သေဆုံးသူတွေဟာ PDF တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ကုလရွာထဲမှာ သတင်းလွှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ သတင်းတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ People Media ရဲ့ တယ်လီဂရန် ချန်နယ်မှာတော့ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ ရက်နေ့မှာ သေဆုံးနေသူတွေကို တွေ့လို့ အလောင်းတွေကို ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၂၃၆၇ ဦး ရှိနေပြီဖြစ်ပါတယ်။