အကြမ်းဖက် တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့ ငပလီမှာ ဆန္ဒပြ
2017.09.09

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ ငပလီမြို့မှာ လူ ၃၀၀ လောက်က အနက်ရောင်တီရှပ်တွေကို ဆင်တူဝတ်ပြီး အစိုးရကို ဒီနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
နယ်စပ်ခြံစည်းရိုးကို အမြန်ဆုံး အခိုင်အမာကာရံပေးဖို့နဲ့ မောင်တောနယ် မကျဆုံးစေဖို့အပါအဝင် အချက် ၁၂ နဲ့ တောင်းဆိုဆန္ဒပြတာလို့ ဦးဆောင်သူတွေထဲမှာပါဝင်တဲ့ ငပလီမြို့ခံ ဦးစိန်ချစ်က ပြောပါတယ်။
ဆန္ဒပြတောင်းဆိုသူတွေဟာ ငပလီမြို့ကိုလှည့်ပြီး နေရာ ၅ ခုလောက်မှာ ကြွေးကြော်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ငပလီမြို့မှာရှိတဲ့ မဒေးတောင်ဘုရားမှာလည်း မောင်တောဒေသငြိမ်းချမ်းရေးအမြန်ရရှိဖို့နဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် ဆုတောင်းပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ ငပလီမြို့မှာ နှစ်စဉ်ကျင်းပလာခဲ့ကြတဲ့ ဆရာတော်အရှင်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တဲ့ ဝမ်းနည်းအောက်မေ့ ဖွယ် အခမ်းအနားတွေအစား မောင်တောဒေသက အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရတဲ့ ဌာနေတိုင်းရင်းသားတွေအတွက် အခုလို တောင်းဆိုတာဖြစ်တယ်လို့လည်း ဆန္ဒပြပွဲဦးဆောင် သူတွေက ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၈ နှစ်မြောက်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် စစ်တွေမြို့ ဦးဥတ္တမပန်းခြံက ဆရာတော်ရုပ်တုရှေ့မှာ မြို့ပေါ်မှာရှိတဲ့အဖွဲ့အစည်းအလိုက် ရပ်ကွက်အလိုက် နိုင်ငံရေးပါတီအလိုက် လွမ်းသူ့ပန်းခွေတွေနဲ့ ပူဇော်ခဲ့ကြပါတယ်။
ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ကို အစိုးရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုခဲ့ကြပါတယ်။
ဆရာတော် အရှင်ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံမှာ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ မျိုးချစ်စိတ်ဓါတ်တွေ စတင်မွေးဖွားပေးခဲ့တာကြောင့် ထင်ရှားတဲ့ ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောကြားမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံခဲ့ရကာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။