ငပလီအခြေစိုက် စစ်ကောင်စီတပ်ရင်းကို AA ထိုးစစ်ဆင်နေ
2024.06.22
ရခိုပြည်နယ် သံတွဲမြို့နယ်က ငပလီမြို့ အခြေစိုက် စစ်ကောင်စီ ခမရ (၅၆၆) ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ တိုက်ပွဲအခြေအနေကို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုညနေပိုင်းမှာတော့ လေယာဉ်နဲ့ ဆက်တိုက်ဆိုသလို ဗုံးလာကြဲနေတယ်၊ ဒီနေ့တော့ အရပ်သားထိခိုက်တာ မရှိသေးဘူး၊ သံတွဲမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောလို့ရတယ် ၅၆၆ ငပလီတပ်ရင်းကို ဝင်တိုက်နေတာ"
ဒီတိုက်ပွဲတွေကြောင့် သံတွဲမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၃၅၀ ကျော်နဲ့ လင်းသာရွာဘက်ကို ၁၅၀ ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး AA ဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီရေတပ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြိးထိမှန်တာကြောင့် သံတွဲမြို့နယ် ကျောင်းတိုက်ရွာက အမျိုးသားတစ်ဦးနဲ့ ဇာဒီပြင်ရွာက အမျိုးသားတစ်ဦးတို့ သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကတော့ ဆင်ခေါင်းရွာနဲ့ ဆင်ကျပ်ရွာနားမှာရှိတဲ့ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ပစ်လို့ ရွှေလှေရွာကို ဆင်ခေါင်းရွာကနေ စစ်ဘေးလာရှောင်တဲ့ အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး ရွှေလှေရွာက နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲမှာ တိုက်ပွဲပြင်းထန်နေတာနဲ့ အရပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၄ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၀ ရက် ညနေမှာ သတင်းထုတ်ပြန်ထားပါတယ်။ သံတွဲမြို့နယ်မှာ ဧပြီ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာဖြစ်ပါတယ်။