ဖမ်းဆီးခံထားရတဲ့ ငါန်းဇွန်ဒေသခံ သုံးဆယ်ကျော် ပြန်မလွတ်သေး
2024.10.11
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ညောင်လေးပင်ရွာ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ ဒေသခံငါးဆယ်ကျော်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လူသုံးဆယ်ကျော်ကတော့ အောက်တိုဘာ ၁၁ ရက် ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာချိန် ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့အတွက် ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ငါန်းဇွန်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြန်လွှတ်ပေးမယ်။ တစ်ဦးကို ကျပ်သိန်း နှစ်ဆယ်ကနေ သုံးဆယ်၊ အဲဒီလို တောင်းနေတယ်။ တချို့ ငွေပေးနိုင်တဲ့သူတွေလည်း ပြန်လွတ်ကြတယ်။ သူတိူ့ကို ငါန်းဇွန်မြို့ပေါ်မှာပဲ ဖမ်းထားကြတယ်”
ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၀ ကနေ ၃၀ အတွင်းရှိတဲ့ လူလတ်ပိုင်း အမျိုးသားတွေဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးထားတယ် ဆိုတာကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီကတော့ ညောင်လေးပင်ရွာမှာ စစ်ကြောင်း ကင်းပတ်တာတွေရှိပေမဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာ မရှိဘူးလို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း ငါန်းဇွန်မြို့ပေါ်နဲ့ သံကုန်း၊ မြေတိုင်း၊ ကျောက်တစ်လုံး စတဲ့ ရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံအမျိုးသား ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။