ထိုက်တန်တဲ့ လျော်ကြေး ရဖို့ ဒေသခံတောင်သူများ ဆန္ဒပြ


2015.01.05
ngazun-farmer-protest-305 မန္တလေးတိုင်း မြင်းခြံခရိုင်မှာ သိမ်းဆည်းထားတဲ့ လယ်မြေတွေလျော်ကြေးရရှိရေးနဲ့ ဖမ်းဆီးထားတဲ့တောင်သူ ၁ဝ ဦးကို လွတ်ပေးဖို့ ဇန်နဝါရီလ ၅ ရက်နေ့က တောင်းဆို ဆန္ဒပြစဉ်
Photo:Nay Thwae/RFA

မန္တလေးတိုင်း  မြင်းခြံခရိုင်မှာ စက်မှုစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက တစ်သောင်းကျော် အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့နဲ့ ဖမ်းဆီးထား တဲ့တောင်သူ ၁ဝ ဦးကို လွတ်ပေးဖို့ ဒေသခံတောင် သူတွေနဲ့ လယ်သမားအရေးကူညီနေသူတွေ တောင်သူ တစ်ထောင်လောက်က ငါန်းဇွန်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တောင်သူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေမလုပ်ဘူးဆိုရင် မန္တလေးမြို့မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုသွားမယ် လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမျိုးဝင်းက RFA ကိုပြော ပါတယ်။

"တွေ့ဆုံဆွေးနွေးတာမျိုး၊ ညှိနှိုင်းတာ မျိုး လျော်ကြေးနစ်နာကြေးမရဘူးဆိုရင် တောင် သူတွေရဲ့ဆန္ဒက အစိုးရရုံးစိုက်ရာ မန္တလေးမြို့မှာ ဆန္ဒပြသွားမယ်၊ သပိတ်စခန်းဖွင့်သွားမယ်ဆိုတဲ့ သဘောထားထုတ်ပြန်ထားပါပြီ၊ တကယ်လည်း အဲ့ဒီ လိုလုပ်သွားမှာပါ"

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းက ငါန်းဇွန်မြို့ နယ်မှာ စက်မှုစီမံကိန်းဖော်ဆောင်ဖို့ဆိုပြီး MMDC အများပိုင်ကုမ္ပဏီက ၂ဝ၁၂ ခုနှစ်ကနေစပြီး သံဘို၊ ရွာစိုက်၊ တောင်အောက်၊ လက်ပံကျင်း၊ နဝရတ် စတဲ့ရွာပေါင်း ၁၄ ရွာက မြေဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့တာပါ။

စီမံကိန်းဖော်ဆောင်နေတဲ့ ဧရိယာအတွင်း ဝင်ရောက်တားဆီးခဲ့တဲ့ ရွာသားဆယ်ယောက်ကို ကျူးကျော်ဝင်ရောက် မှု၊ ပိုင်နက်ကျူးလွန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုပြီး ငါန်းဇွန်မြို့နယ်ရဲစခန်း မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။