ငါန်းဇွန်မှာ တစ်လအတွင်း ဒေသခံ ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ စုဆောင်းခံရ

RFA Burmese
2024.10.03
ငါန်းဇွန်မှာ တစ်လအတွင်း ဒေသခံ ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ စုဆောင်းခံရ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက ငါန်းဇွန်မြို့နယ်မှာ စက်တင်ဘာ တစ်လအတွင်း ဒေသခံအမျိုးသား ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ စုဆောင်းခံထားရတယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့ပေါ်နဲ့ သံကုန်း၊ မြေတိုင်း၊ ကျောက်တစ်လုံးစတဲ့ ကျေးရွာပေါင်း ဆယ်ရွာထက်မနည်းက ဒေသခံအမျိုးသားတွေ ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ငါန်းဇွန်မြို့ပေါ်ကို ဈေးရောင်းချဖို့သွားတဲ့ မြေတိုင်းရွာ ဒေသခံ အမျိုးသားသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ သုံးဦးထဲမှာ ကိုမောင်လေးဆိုတဲ့ တစ်ယောက်ပဲ နာမည်သိသေးတယ်။ ကျန်နှစ်ယောက်ကတော့ နာမည်စုံစမ်းနေတုန်းပေါ့။ သူတို့ကို မြင်းခြံဘက်ကိုပို့ပြီး စစ်သင်တန်း ပေးနေတယ်လို့ ပြောတယ်။ ဒီသတင်းကလွဲပြီး ဘာမှထပ်မကြားရသေးဘူး”

ဖမ်းဆီးခံထားရသူတွေရဲ့ အသေးစိတ်အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သလို RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

စစ်ကောင်စီကတော့ စစ်မှုထမ်းဥပဒေအတွက် ပြည်သူတွေကို အတင်းအကျပ် စုဆောင်းတာ မရှိဘူးလို့ သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ မကြာခဏ ထုတ်ပြန်ပြောဆိုထားပါတယ်။

နအဖ စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ အသက် ၃၅ အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ အသက်၂၇ နှစ်အတွင်း အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်လို့ ပါဝင်ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ မေလမှာထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။