ပြည်သူတွေအသက် အမြန်ကယ်ဖို့ ဥရောပ NGO ၁၆ ဖွဲ့ တောင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.08.03

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ကိုဗစ်၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးမှု အားလုံးရဲ့ ၄၀ ရာခိုင်နှုန်း လောက်အထိ ပေါ့စတစ် အဖြေထွက်ခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ အမြင့်ဆုံးနှုန်းထား ဖြစ်နေတယ်လို့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ NGO အဖွဲ့ အကြီးအကဲတစ်ဦးက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ NGO အဖွဲ့ ၁၆ ဖွဲ့ ကလည်း နိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနှံတာနဲ့ လူသားချင်းစာနာမှု အကူအညီပေးတာတွေကို တိုးမြှင့်ပြီးလုပ်ပေးဖို့ နိုင်ငံရေး ခေါင်းဆောင်တွေကို ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ခြောက်လအကြာမှာ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ တဟုန်ထိုးတက်လာပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေတဲ့အတွက် အလွန်ကြီးမားတဲ့ ကပ်ဘေးအန္တရာယ်တစ်ခု ဖြစ်လာဖို့ ဦးတည်နေတဲ့အကြောင်း မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့ ၁၆ ပွဲ့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

000_9HB9L7.jpg
၂ဝ၂၁ ဇူလိုင်လက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတစ်ဦးကို သဂြိုဟ်ရန် သယ်ဆောင်လာစဉ်။ (File Photo: AFP)

ဒီ NGO အဖွဲ့တွေရဲ့ ကြေညာချက်ထဲမှာ အခုအချိန်မှာ မြန်မာ ပြည်သူသန်းပေါင်းများစွာဟာ နိုင်ငံတကာက ပေးအပ်မယ့် အကူအညီတွေကို အရေးပေါ် လိုအပ်နေတဲ့အတွက် နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ NGO အဖွဲ့တွေကို အကူအညီ လိုအပ်နေသူတွေဆီကို အကန့်အသတ်မရှိ သွားရောက်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလ အာဆီယံအစည်းအဝေးမှာ သဘောတူခဲ့တဲ့ five point consensus သဘောတူညီချက်တွေကို အကောင်အထည်ဖော်ပေးဖို့ မြန်မာနိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

Laura.jpg“အခုဆိုရင် မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးအချိန်က နှုန်းထက်တောင် ပိုများနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ကိုဗစ်ရောဂါ စစ်ဆေးမှုအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းအထိ ပေါ့စတစ် ဖြစ်နေတဲ့အတွက် ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတဲ့ နမူနာသုံးခုမှာ တစ်ခုက ပေါ့စတစ် အဖြေထွက်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံး သတိထားရမယ့် အချက်တစ်ခုက အခုမြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စစ်ဆေးပေးနေတဲ့ ပမာဏက လိုအပ်ချက်နဲ့စာရင် အလွန်မှ နည်းနေသေးတယ်ဆိုတာကိုပါ။ ဒါကြောင့် ဒီကိန်းဂဏန်းဟာ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ထက် အများကြီး နည်းနေသေးပေမယ့် တကယ်ပဲ ထိတ်လန့်စရာ ကောင်းတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မရဲ့ အဖွဲ့အစည်းအပါအဝင် NGO အဖွဲ့ ၁၆ ဖွဲ့ စုပေါင်းပြီး မြန်မာနိုင်ငံမှာ အလွန်မှ အရေးတကြီး အကူအညီလိုအပ်နေတဲ့ အခြေအနေကို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။”



ဒါကတော့ Norwegian Refugee Council က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Laura Marshall က ပြောသွားတာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းဒေသတွေမှာ ဒေသခံ အမြောက်အမြား နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး အခုအချိန်မှာ ဒီထွက်ပြေးနေသူတွေထဲက တော်တော်များများမှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး ဖြစ်လိမ့်မယ်လို့ နိုင်ငံတကာ NGO အဖွဲ့တွေရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်တာနဲ့ ခြိမ်းခြောက်တာတွေကြောင့် မြောက်ပိုင်း ကချင်ပြည်နယ်ကနေ ရန်ကုန်၊ မန္တလေး ဒေသတွေအထိ ဆေးရုံဆေးခန်း အမြောက်အမြား ပိတ်ခဲ့ရပြီး ခုချိန်မှာ ဆရာဝန် ၄ဝဝ လောက်နဲ့ သူနာပြု ၁၈ဝ လောက်အထိ ဖမ်းဆီးဖို့ ဝရမ်းထုတ်ခံထားရတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

2021-07-13T093345Z_375857659_RC2GJO9VU7FS_RTRMADP_3_HEALTH-CORONAVIRUS-MYANMAR-COUP.JPG
၂ဝ၂၁ ဇူလိုင်လက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူနာများကို သွေးပေါင်ချိန်တိုင်းတာပေးနေသော ပရဟိတဝန်ထမ်းများ။ (File Photo: AFP)

မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ အားနည်းချက်ရှိပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စနစ်တစ်ခုလုံး လုံးဝပြိုလဲသွားတာဖြစ်တယ်လို့ Norwegian Refugee Council က Laura Marshall က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုလုံး ယိုယွင်းပျက်စီးလာတာ အများအသိပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ထဲမှာ ဖေဖော်ဝါရီ ၁ရက် အာဏာမသိမ်းခင်ကတည်းက အားနည်းချက်တွေ အများကြီး ရှိခဲ့ပေမယ့် ကပ်ရောဂါ စဖြစ်တဲ့ ၂ဝ၂ဝ ပြည့်နှစ် တစ်ခုလုံး အခြေအနေကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် အခြေခံလူတန်းစား ပြည်သူတွေ မှီခိုအားထားနေရတဲ့ ဆေးရုံးဆေးခန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုလုံး ပြိုကျသွားခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ အကြပ်အတည်းတွေ တစ်ခုပြီး တစ်ခု ထပ်ပြီးကြုံလာရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက် မတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ တစ်သန်းလောက်အထိ ရှိပါတယ်။ အခု လက်ရှိအချိန်မှာတော့ အနည်းဆုံး လူဦးရေ သုံးသန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အခုချက်ချင်းရဖို့ လိုအပ်နေပါတယ်။”

အခုအချိန်မှာ အကူအညီပေးနေတဲ့ NGO အဖွဲ့တွေဟာ ရောဂါကူးစက်မှုတွေကြောင့် lockdown ချထားရတာ၊ ခရီးသွားလာခွင့် ပိတ်ပင်မှုတွေရှိနေတာ၊ အစိုးရ ကြိုးနီစနစ်ကြောင့် ကြန့်ကြာမှုတွေနဲ့ မလုံခြုံမှုတွေကြောင့် နှောင့်နှေးကြန့်ကြာနေရပြီး၊ NGO ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုယ်တိုင် ရောဂါကူးစက်ခံရပြီး နာမကျန်းဖြစ်နေကြတာကြောင့် အလုပ်လုပ်နိုင်စွမ်းကို အများကြီး လျှော့ထားရတယ်လို့ ဆိုပါတယ်။

000_9EW98H.jpg
ဇူလိုင်လလယ်ပိုင်းက ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုးဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေကြသူများ။ (File Photo: AFP)

နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် ချမှတ်ထားတဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်တွေအတွက် လိုအပ်နေတဲ့ ရန်ပုံငွေတွေကို ထည့်ဝင်ကြဖို့ Laura Marshall က တိုက်တွန်းပါတယ်။

“အခုလို လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေ အမြောက်အမြား တိုးလာတဲ့ အခြေအနေမှာ နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ တုံ့ပြန်ဆောင်ရွက်မှု အစီအမံကို ဝိုင်းဝန်းပါဝင်ကူညီကြဖို့ လိုပါတယ်။ ဒီ အစီအမံအရဆိုရင် ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ဝ၉ သန်း လောက် ထပ်ပြီးရှာဖို့ လိုနေပါသေးတယ်။ မြန်မာနိုင်ငံအတွက် လုပ်ပေးမယ့် အခြားအစီအမံတွေ အတွက်လည်း လိုအပ်တဲ့ ရန်ပုံငွေရဲ့ တစ်ဝက်လောက်ပဲ ရပါသေးတယ်။ ဒါကြောင့်မို့ ကျွန်မတို့ NGO အဖွဲ့တွေအားလုံးအနေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို အရှိန်မြှင့်ပြီး လုပ်ပေးဖို့ လိုနေပါတယ်။ ဒါပေမယ့် အကူအညီ လိုနေတဲ့သူတွေဆီကို သွားရောက်ခွင့်မရတာ၊ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတာနဲ့ လိုအပ်တဲ့ ရန်ပုံငွေ အလုံအလောက်မရတာ စတဲ့ အခက်အခဲတွေကြောင့် လိုအပ်သလောက် မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်”

အခုအချိန်မှာ COVAX လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် 19 ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဉ်အရ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး အစုံ ၃.၆ သန်းလောက် ရဖို့ မျှော်လင့်ရပေမယ့်၊ ဒါဟာ နိုင်ငံလူဦးရေ ၅၄ သန်းကျော်အတွက် သမုဒ္ဒရာထဲက ရေတစ်ပေါက်သာ ဖြစ်လိမ့်မယ်လို့လည်း NGO အဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ပူးပေါင်းထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပါဝင်တဲ့ နိုင်ငံတကာ NGO အဖွဲ့တွေကတော့ ActionAid, Norwegian Church Aid, Danish Refugee Council, Finnish Refugee Council. HelpAge International, Helvetas, MA-UK, Mercy Corps, Norwegian Refugee Council, People in Need, Save the Children, Solidarités International, Trócaire, Voluntary Service Overseas, Welthungerhilfe (World Hunger Help) နဲ့ World Vision တို့ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။