မြန်မာဒုက္ခသည် လေးသောင်းကျော်နေထိုင်တဲ့ မယ်လဒုက္ခသည်စခန်းမှာ ညမထွက်ရအမိန့်ထုတ်
2021.12.15
ထိုင်း- မြန်မာနယ်စပ်၊ တာခ့်ခရိုင်၊ တားဆောင်ယန်မြို့နယ်အတွင်းက မြန်မာပြည်က ဒုက္ခသည် လေးသောင်းကျော် ခိုလှုံနေထိုင်တဲ့ မယ်လဒုက္ခသည်စခန်းမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆန္ဒပြ ရုတ်ရင်းဆန်ခတ်မှုဖြစ်ပွားပြီး ဒီဇင်ဘာ ၁၅ ရက်ညနေမှာတော့ ထိုင်းအာဏာပိုင်တွေက ညနေ ၆ နာရီကစပြီး ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က မယ်လစခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်နှစ်ဦး ဆိုင်ကယ်စီးလာစဉ် နှာခေါင်းစည်းတပ်မထားလို့ စခန်းမှာရှိတဲ့ ထိုင်းအုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ပေါ်ကဆွဲချပြီး ဆိုင်ကယ်ကို သိမ်းဆည်းခဲ့ပါတယ်။ စခန်းအုပ်ချုပ်ရေးမှူးရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ စခန်းတွင်းနေထိုင်သူ ထောင်ဂဏန်းလောက်က စခန်းအုပ်ချုပ်ရေးရုံးရှေ့မှာ ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တဲ့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့က သေနတ်ဖောက်ပြီး လူစုခွဲခဲ့တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ (KRC )က အတွင်းရေးမှူး စောဗွယ်စေးက ပြောပါတယ်။
“သူတို့ ဆိုင်ကယ်ကို သိမ်းလိုက်တယ်။ နောက်ပြီးတော့ သူတို့ သယ်တဲ့ ရေခဲပုံးလေးကို စခန်းမှူးက ခြေထောက်နဲ့ ကန်ချလိုက်တော့ ရေခဲပုံးက ကွဲသွားတယ်။ အဲဒီမှာ အဲဒီလူငယ်က နှစ်ခါ ကြုံခဲ့ရတော့ မခံနိုင်တော့တဲ့အတွက် အဖော်တွေကို ပြောပြတော့ အဖော်တွေကနေ အဲဒီကိစ္စ စတော့တာပဲ .........”
ဆန္ဒပြပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က စခန်းထဲကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးတာဝန်ယူသွားမှာဖြစ်လို့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၆ နာရီကစပြီး စခန်းမှာ နေထိုင်သူတွေအနေနဲ့ အပြင်မထွက်ကြဖို့ စခန်းအုပ်ချုပ်ရေးကော်မတီကနေတဆင့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်အတိုင်း မလိုက်နာရင် ထိုင်းဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးပြောဆိုချက်ကို ကရင်ဘာသာနဲ့လည်း ထုတ်ပြန်ထားပါတယ်။
စခန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက် ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ စခန်းအုပ်ချုပ်ရေးကော်မတီက အစည်းအဝေးပြုလုပ်ရာမှာ တာ့ခ်ခရိုင် ဒုတိယတာဝန်ခံ၊ မြို့နယ်မှူး၊၊ မယ်လ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေ တက်ရောက်ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က ဖြစ်ပျက်ခဲ့တာတွေကို မေးမြန်းခဲ့ပြီး ဆန္ဒပြသူတွေဘက်က သိချင်တာတွေကိုပြန်မေးမြန်းပြီး လိုအပ်ချက်တွေကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို စားနပ်ရိက္ခာကူညီပေးနေတဲ့ ကူညီစောင့်ရှောက်ရေးညွန့်ပေါင်း အသင်း (TBBC) က ဒုက္ခသည်တစ်ဦးကို တစ်လ ဘတ်ငွေ ၂၇၀ ပါတဲ့ ဈေးဝယ်ကတ်ပေးပေမဲ့ အဲဒီကတ်နဲ့ဈေးဝယ်နိုင်တဲ့ ဆိုင်ကိုကန့်သတ်ထားပြီး ဈေးကြီးကြီး ဝယ်ယူစားသောက်နေရတာလည်း မကျေနပ်ကြတဲ့အကြောင်းကိုလည်း တင်ပြခဲ့တယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ကျမတို့မှာ အဲဒီကတ်ပြားပဲ ရှိတဲ့အခါကျတော့ TBBC က ချိတ်ထားတဲ့ ဆိုင်မှာပဲ ၁၈ ဘတ် ၂၀ ဘတ်နဲ့ အဲဒီ ဆိုင်မှာပဲ ဝယ်ရတယ်။ အပြင်ကဆိုင်မှာဆို ၁၃ ဘတ် ၁၅ ဘတ်နဲ့ ဝယ်လို့ရတယ်။ တစ်လကိုမှ ၂၇၀ ဘယ်လိုလုပ် စားလို့ လောက်မှာလဲ။ စီးပွားရေးက မရှိတဲ့အချိန် သားသမီးတွေကလည်း ဘယ်မှ သွားလို့မရ။ အဲဒါကြောင့် ဒီကနေ ရှိတာ ပါဆယ်နဲ့ ပို့တဲ့အခါ အရင်က ကုန်ကျစရိတ် ၂၀၀ လောက်ရှိတာ အခုဆိုရင် ကုန်ကျစရိတ် ၆၀၀ ၊၇၀၀ တက်တက်သွားတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်နော်။ စခန်းက ပလာ (စခန်းအုပ်ချုပ်ရေးမှူး)နဲ့ စခန်းမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်နေတဲ့လူနဲ့ ပေါင်းပြီးတော့ လုပ်တဲ့အလုပ်တွေကလေ မဟုတ်ဘူး။ တော်တော်ကြီးကို လွန်လာတယ်“
ဒါကြောင့် စခန်းထဲက ဒုက္ခသည်တွေဟာ စခန်းအပြင်ကို ထွက်ပြီး အိမ်ဖော်လုပ်ငန်း၊ ဈေးရောင်းတဲ့ လုပ်ငန်း၊ ဆေးရုံတွေမှာ အလုပ်လုပ်တာ၊ တောင်ယာခုတ်တာ၊ ပြောင်းဖူးချိုးတာနဲ့၊ နွား ဆိတ်ကျောင်းတဲ့ လုပ်ငန်းတွေ သွားရောက် ခိုးလုပ်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေနဲ့ အစည်းအဝေးအတွင်း စခန်းတာဝန်ရှိသူတွေဘက်ကတော့ အချက် သုံးချက်ကို အဓိကထား တင်ပြခဲ့တယ်လို့ မယ်လဒုက္ခသည်စခန်း ဒုတိယဥက္ကဋ္ဌ စောသာကဲ က ပြောပါတယ်။
“စခန်းဥက္ကဋ္ဌ တင်ပြတာက သွားလာခွင့်ပေးဖို့၊ နောက်တခုက အပြင်ထွက်ပြီး အလုပ်သွားလုပ်ခွင့်ပေးဖို့၊ နောက်တခုကတော့ ကုန်ဈေးနှုန်း သက်သာဖို့။ ဥပမာ ကန်ထရိုက်တယောက်တည်း မတင်နဲ့ပေါ့ဗျာ။ ဥပမာ သုံး၊ လေး၊ ငါး ရှစ်ယောက်လောက် ရှိရင်တော့ သက်သာတာပေါ့။ နောက်တခုက ဒီစခန်းကို အုပ်ချုပ်ကွပ်ကဲတဲ့လူကို ဖြစ်နိုင် ရင် ရွှေ့ပေးပါလို့ တင်ပြထားတယ်။ သူတို့ဘက်ကတော့ အထက်ကိုတင်ပြပြီး အတတ်နိုင်သလောက် ကြိုးစားမယ်ပေါ့ အဲဒီလိုပြောတယ်”
ဆန္ဒပြ ရုန်းရင်းဆန်ခတ်မှုကြောင့် မယ်လဒုက္ခသည်မှာ စခန်းလုံခြုံရေးနေရာတွေနဲ့ ကား၊ ဆိုင်ကယ်တချို့၊ အုပ်ချုပ်ရေးရုံးခန်း အဆောက်အအုံတွေ ပျက်စီးမှုတွေ ရှိပြီး ဒုက္ခသည်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒုက္ခသည်တွေဟာ စခန်းထဲကနေ အပြင်ထွက်ခွင့်မရလို့ တချို့က ငွေကြေးပေးပြီး အပြင်ထွက်ကြသလို တချို့က ခိုးထွက်ကြတာဖြစ်ပါတယ်။ သူတို့ စခန်းဆီပြန်လာတဲ့အခါ ဒဏ်ငွေ ဘတ် ၁၀၀၀ ကနေ ၅၀၀၀ ထိ ပေးရတယ် လို့ စောသာကဲ က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလကတည်းက အခုထိ မယ်လဒုက္ခသည် စခန်းကို သွားလာမှုတွေ ကန့်သတ်ထားတဲ့အတွက် ဒုက္ခသည်တွေဟာ အပြင် အလုပ်လုပ်ခွင့်မရတော့လို့ စားဝတ်နေရေး ခက်ခဲလာကြပါတယ်။ အခုတော့ သွားလာမှုကန့်သတ်ထားရုံမက ညမထွက်ရအမိန့်ပါ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ထိုင်း- မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုရှိတဲ့အထဲမှာ မယ်လ ဒုက္ခသည်စခန်းဟာ အကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံသား ဒုက္ခသည် လေးသောင်းကျော် ခိုလှုံနေတာ ဖြစ်ပါတယ်။