ဆောမြို့မှာ ရုံးအဆောက်အအုံ ကိုးခု တိုက်ခိုက်မီးရှို့ခံရ

2022.02.04
ဆောမြို့မှာ ရုံးအဆောက်အအုံ ကိုးခု တိုက်ခိုက်မီးရှို့ခံရ ၂၀၂၂၊ ဖေဖော်ဝါရီ ၄ ရက်နေ့က မီးလောင်ပျက်စီးသွားတဲ့ မကွေးတိုင်း၊ ဆောမြို့က စိုက်ပျိုးရေးဦးစီးဌာန ရုံးကို တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း၊ ဆောမြို့မှာ ဖေဖော်ဝါရီလ ၄ ရက် ဒီနေ့မနက် အစောပိုင်းက စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ကိုးခု မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက် ည ၁၂ နာရီကျော်ကတည်းက ဆောမြို့မရဲစခန်းနဲ့ ယောမင်းကြီး ဦးဘိုးလှိုင် ခန်းမတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် လေးနာရီခွဲလောက်မှတော့ ဗုံးကွဲသံတွေ ထွက်လာပြီး ဆောမြို့ပေါ်က မြို့နယ်စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ စာရင်းစစ်ရုံး၊ သစ်တောရုံး၊ မြေစာရင်းရုံး၊ ကျေးလက်ဦးစီးဌာနရုံး၊ မီးသတ်ဦးစီးရုံး အပါအဝင် ရုံးအဆောက်အအုံ ကိုးခု မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေနတ်သံတွေ အများကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေလည်း ကြားရတယ်။ မပေါက်သေးတဲ့ ဗုံးတွေဘာတွေ ရပ်ကွက်ထဲမှာ၊ လမ်းကြားထဲမှာ တွေ့တယ်။ အဲဒါကြောင့် ပြည်သူတွေကလည်း အပြင်ကို မသွားလာဖို့ ပြောနေကြတယ်။ လူသူလည်း တိတ်ဆိတ်နေတယ်။ အသွားအလာလည်း မရှိတော့ဘူး။ မီးကလည်း ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်ထိကို မီးခိုးတအူအူနဲ့ လောင်နေတာ တွေ့ရတယ်"

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဆောမြို့နယ်က ဝန်ထမ်းတွေ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့နဲ့ အဲဒီလိုမလုပ်ရင် အရေးယူမယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်က ဆောမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဆောမြို့တောင်ဘက် ၁၂ မိုင်အကွာ လောင်းရှည်မြို့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောဆို ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။