ကျောင်းသား ၉ ဦးနဲ့ ဝန်းရံသူ ၂ ဦးကို အာမခံနဲ့ လွှတ်ပေးမည်
2015.07.07

သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူတွေထဲက အဝေးသင်ကျောင်းသူ ကျောင်းသားတွေနဲ့ ကျန်းမာရေးမကောင်းသူ စုစုပေါင်း ၁၅ ယောက်အတွက် အာမခံလျှောက်ထားရာမှာ သာယာဝတီခရိုင်တရားရုံးက ၁၁ ယောက်ကို အာမခံနဲ့ လာမယ့် ၁၄ ရက်နေ့မှာ လွှတ်ပေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဝေးသင်ကျောင်းသား ၉ ယောက်နဲ့ ဝန်းရံသူ ၂ ဦးကို အာမခံပေးလိုက်တာလို့ ကျောင်းသား ကျောင်းသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
"အာမခံ ၁၅ ယောက်မှာ ၁၁ ယောက်ခွင့်ပြုတယ်၊ ကလေးတွေက အဝေးသင်တက္ကသိုလ် ကျောင်းသားတွေဖြစ် တယ်ဆိုပြီးပေးတယ်၊ နောက်ဝန်းရံအမျိုးသမီးက ဒေါ်သန်းအေးက၊ အာမခံဆိုတာက သိန်း ၅ဝ တန် ခံဝန်နဲ့ အာမခံပေးတာ"
ကျန်၄ ယောက်ကတော့ အဝေးသင်ကျောင်းသားတွေဖြစ်တယ်ဆိုတဲ့ အထောက်အထား မခိုင်လုံတဲ့အတွက် ပယ်ချခံရတာဖြစ်ပြီး သပိတ်စစ်ကြောင်းတလျှောက်လုံးမှာ အသုံးပြုခဲ့တဲ့ မော်တော်ကားကိုလည်း အာမခံလျှောက် ထားခဲ့တာ ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။
အာမခံရရှိတဲ့ အဝေးသင်ကျောင်းသား ၉ ဦးဟာ ကိုဝေယံမင်းလွင်၊ ကိုရဲဝင့်အောင်၊ ကိုမင်းချစ်သူ၊ ကိုမင်းသူရှိန်၊ ကိုမြတ်မင်းမော်၊ ကိုကျော်ဇောခန့်၊ ကိုတင်ကိုဦး ကိုသက်ပိုင်ထွန်း၊ ကိုရဲဝင့်အောင် ခေါ် ရွှေကြယ်မိုးတို့ဖြစ်ပြီး ဝန်းရံသူတွေထဲက ဒေါ်သန်းအေးနဲ့ ကိုသန်းဆွေ တို့ဖြစ်ပါတယ်။
သူတို့အတွက် အာမခံလျှောက်ထားတာဟာ ၂လ နီးပါးလောက်ကြာပြီဖြစ်ပြီး သာယာဝတီမြို့နယ်တရားရုံးက ပယ်ချထားတာ ဖြစ်ပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၆၈ ဦးရှိပြီး ကျန်းမာရေးမကောင်းသူတွေကို အာမခံပေးဖို့ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မခက်မာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။