NLD နဲ့ ၈၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲ မြိတ်မြို့မှာပိတ်ပင်ခံရ
2014.06.05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့က တနင်္သာရီတိုင်း မြိတ်မြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် နေရာခွင့်ပြုချက်တောင်းရာမှာ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
မြိတ်မြို့မ အားကစားကွင်းနဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကွင်း ၂ ခုစလုံးကို ခွင့်မပြုတာလို့ မြိတ်မြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုတင်ကိုကိုဦးက ပြောပါတယ်။
"သုံးရက်နေ့ ရက်စွဲနဲ့ ခရိုင်ထွေအုပ်ကို ကျနော်တို့ တင်ပါတယ်၊ ဒါငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ဆိုင်တယ်ဆိုလို့ ရဲကိုသွားတင်ရမယ်လို့ စာတင်ရမယ်လို့ သူကစာပြန်ထုတ်ပေးပါတယ်၊ မြို့နယ်ရဲမှူးကြီးဆီမှာ ဟောပြော ခွင့်ကို ကျနော်တို့ စာတင်လိုက်ပါတယ်၊ အဲ့ဒီ ၃ ရက်နေ့ ညမှာပဲ မြို့မအားကစားကွင်းကို ကျင်းပဖို့ ခွင့် မပြုနိုင်ဘူးလို့ ကြားရတဲ့အခါကျတော့ ကျနော်တို့ ထားဝယ်ကို တိုင်းအားကစားဦးစီးဌါနကို ကျနော်တို့ သွားတွေ့ပါတယ်၊ မြို့မအားကစားကွင်းဘေးမှာရှိတဲ့ နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲလုပ်တဲ့ ကွင်းကြီးသေးသေးလေးမှာပဲ လုပ်ခွင့်ပေးမယ်လို့ ပြောပါတယ်၊ ညဦးပိုင်း ၇ နာရီလောက်မှာပဲ မြိတ်မြို့ နယ်ထွေအုပ်ကနေပြီး ဖုန်းပြန်ဝင်လာပြီးတော့ နှစ်ကျိတ်ရှစ်ဆူကွင်းမှာ ဂေါပကအဖွဲ့က လက်မခံဘူး လို့ ပြောပြီးတော့ ခွင့်ပြုချက်မပေးရဘူးဆိုပြီးတော့ ပြန်ပြောပါတယ်"
အဲ့ဒီဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေဦးဌေးဦး၊ ဦးထင်လင်းဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ ဟောပြောဖို့ စီစဉ်ထား တာဖြစ်ပါတယ်။
ဟောပြောမယ့် နေရာခွင့်ပြုချက်မရပေမဲ့ ဟောပြောပွဲကို ကျင်းပနိုင်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦး စုစည်းတင်ပြထားတာကိုလည်း တဆက်ထဲနားဆင် နိုင်ပါတယ်။