NLD ကိုမဲမပေးဖို့ စာရွက်ဖြန့်ဝေမှု အမှုဖွင့်တိုင်ကြား


2015.09.26

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ကန်ရွာအုပ်စု၊ မြောက်ခရမ်းရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မဲမပေးကြဖို့ တိုက်တွန်းစာရွက်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ရွာရဲ့ဘုန်းကြီးကျောင်းမှာ ဖြန့်ဝေ ခဲ့တဲ့အတွက် ဂန့်ဂေါခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန်ရွာအုပ်စု ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

အဲ့ဒီစာရွက်တွေကို ရွာရဲ့ဘုန်းကြီးကျောင်းမှာ လာဝေခဲ့တာဖြစ်ပြီး စာရွက်ဖြန့်ဝေသူ နှစ်ယောက်ကို ကန်ရွာအပိုင် ရဲစခန်းမှာ ပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်ထားတယ်လို့ ဂန့်ဂေါခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ဇော် က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၁ ရက်နေ့က မနက်ပိုင်း ၈ နာရီ ၆ မိနစ်မှာ ဂေါပကလို့ပြောတဲ့လူ ၂ ယောက်က မဘသ လို့ရေးထားတဲ့ စာရွက်တွေဝေတာပေါ့၊ အဲ့ဒီစာရွက်မှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီကိုမဲမပေးဖို့ တိုက်ခိုက်ထားတဲ့စာတွေပါတယ်ဗျ၊ ၂၄ ရက်နေ့မှာ ကျနော် ကန်ရဲစခန်းမှာပေါ့ဗျာ အဲ့ဒီအပိုင်ရဲစခန်းမှာ အမှုဖွင့်ပါတယ်ခင်ဗျ၊ ပါတီကိုတိုက်ခိုက်ထားတဲ့အတွက် ပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်ပါတယ်ခင်ဗျ၊ ကျနော်တို့ပါတီနဲ့ ပါတီခေါင်းဆောင်ကိုတိုက်ခိုက်လာတဲ့အတွက် ဥပဒေအရ ကျနော်တို့က တိုင်တန်းတာပါ၊ အဲ့ဒီစာဝေတဲ့လူ ၂ ယောက်ကို အမှုဖွင့်တာပါ"

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) မှာ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆန္ဒမဲပေးရန် ဒါမှမဟုတ် ဆန္ဒမဲမပေးရန် ပြောဆိုတာ၊ ဟောပြောတာ၊ ကြေညာတာတွေကို မလုပ်ဖို့ တားမြစ်ထားပါတယ်။ တကယ်လို့ ကျုးလွန်တယ်လို့ အပြစ်ထင်ရှားရင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ်တစ်သိန်းဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပါရှိပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအတွက် ဦးလှဆွေ၊ ပြည်သူ့လွှတ်တော်နေရာအတွက် မကွေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းမြင့်မောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် ဦးကြူးလွင်ကလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။