NLD ကိုယ်စားလှယ်အမည် စာရင်း ရှေ့လ ၁၅ ရက် ထွက်မည်
2014.08.20
ဒီနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့်ဆင့်က တင်ပြလာတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်ရွေးချယ်ပြီး ကြေညာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်ဦးက ပြော ပါတယ်။
"ကိုယ်စားလှယ်လောင်းတွေအနေနဲ့က မြို့နယ် အောင်နိုင်ရေးအဖွဲ့တွေကနေ စာရင်းတင်သွင်းရမယ်၊ မြို့နယ် အောင်နိုင်ရေးကတဆင့် ခရိုင်အောင်နိုင်ရေး၊ တိုင်းနဲ့ပြည်နယ် အောင်နိုင်ရေး၊ ဗဟို အောင်နိုင်ရေး၊ နောက်ထပ် လွတ်လပ်စွာ သီးခြားဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်လောင်း ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုတာရှိတဲ့အခါ အဲ့ဒီအဖွဲ့ကိုထပ်တင်မယ်၊ နောက်ဆုံး ဖိုင်နယ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှှုဆောင် အဖွဲ့ကနေပြီးတော့ ရွေးချယ်မှာဖြစ်ပါတယ်၊ ဒီကိုယ်စားလှယ်လောင်းတွေ တင်ပြဖို့ဟာက ဒီသြဂုတ်လ ၃၀ ရက်နေ့နောက်ဆုံးထားပြီးတော့ မြို့နယ်တွေက တင်ပေးရပါမယ်၊ ဗဟိုကနေပြီးတော့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပါတယ်၊ NLD အနေနဲ့ ပြန်အကြာင်းပြန်မှာပါ"
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလလောက်မှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ပြည်သူ့လွှတ်တော်မှာ ၁၃နေရာ၊ အမျိုးသား လွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၁၁ နေရာ စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် ၃၀ ရှိတယ်လို့ သိရပါတယ်။