ပြင်ပကနေ ရွေးကောက်ပွဲဝင်မယ့် ပါတီဝင် ၄၀ နီးပါးကို NLD ထွက်ခွင့်ပြု
2020.08.26

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တခြားပါတီကနေ သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်ထားတဲ့ ပါတီဝင်တွေကို ပါတီကနေ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ သြဂုတ် ၂၆ ရက်နေ့မှာ ပြောပါတယ်။
အဲဒီလိုထုတ်ပယ်လိုက်တဲ့ ပါတီဝင်ပေါင်း ၄၀ နီးပါး ရှိတယ်လို့ ပါတီဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်က တခြားပါတီတွေအလံအောက် ပြောင်းရွှေ့ပြီး ရွေးကောက်ပွဲဝင်မယ့်သူတွေ၊ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မယ့်သူတွေ ရွေးကောက်ပွဲမှာ လွတ်လွတ်ကင်းကင်းနဲ့ ယှဉ်ပြိုင်ခွင့်ရအောင် နုတ်ထွက်ခွင့် ပြုလိုက်တာလို့ ပြောပါတယ်။
ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းခံလိုက်ရသူတွေဟာ NLD က ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါတာကြောင့် တစ်နည်းနည်းနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် သူတို့ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်ခွင့် တင်လာကြတာလို့လည်း မုံရွာ အောင်ရှင်က ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ အရ ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ချိန်တည်းမှာ နိုင်ငံရေးပါတီ တစ်ခုထဲမှာသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီဥပဒေအရ ပါတီတစ်ခုကနေ ထွက်ခွင့်မရသေးသူတွေဟာ တခြားပါတီတစ်ခုကနေ ရွေးကောက်ပွဲဝင်ခွင့်လည်း မရှိပါဘူး။
လာမယ့်ရွေးကောက်ပွဲမှာ NLD ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့် တို့ အပါအဝင်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁၄၃ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။