အခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲရေး ပြည်သူ့ဆန္ဒရယူမယ်လို့ NLD ကြေညာ
2013.09.28

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် ပြည်သူလူထုရဲ့ သဘောထားဆန္ဒကိုရယူပြီး ပြည်ထောင်စု လွှတ်တော်ထံ တင်ပြသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ကိုပြင်ရမယ်လို့ ယုံကြည်ကြောင်း အခုလို ပြောပါတယ်။
“အားလုံးက ဒါသဘောပေါက်ပြီဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ကိုပြင်ရမယ်၊ ပြင်တယ်ဆိုလို့ရှိရင်လည်း အစီအစဉ်ရှိရတယ်၊ ပြင်မယ်ပဲမပြောရဘူး၊ ဘယ်လိုစပြင်မလဲ၊ နောက်တစ်ခုက တချို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အင်မတန်မှ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာကြောင့်မို့ ပြင်ရုံနဲ့မလောက်ဘူး၊ တစ်ခုလုံးကိုဖျက်ပြီးတော့ အသစ်ရေးဆွဲရမယ်ဆိုပြီးတော့ ယုံကြည်တဲ့အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလည်းရှိပါတယ်၊ ဘာကြောင့် တစ်ခုလုံးပြန်ပြီးတော့ ဆွဲသင့်သလဲလို့ ယုံကြည်မှုရှိသလဲဆိုတာကို ကျမတို့တင်ပြမယ်၊ ကျမကတော့ ယုံကြည်တာပေါ့နော်၊ ပြည်သူတွေကတော့ ဒါကိုပြင်ကိုပြင်ရမယ်လို့ လက်ခံလိမ့်မယ်လို့ ကျမထင်ပါတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေဟာ အပတ်စဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပခဲ့ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာပါ။ ဖွဲ့စည်းပုံကို ပြင်မလား အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိသေးဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဖွဲ့စည်းပုံကို ပြင်မလား အသစ်ပြန်လည် ရေးဆွဲမလားဆိုတဲ့အချက်ကို ပြည်သူတွေထံက သဘောထားရယူပြီး လာမယ့် ဒီဇင်ဘာလမတိုင်ခင် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့ ဒီနေ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။