လူငယ်ကွန်ရက် လှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာများ ပါဝင်ဖို့ NLD တိုက်တွန်း

မြန်မာ လူငယ်ကွန်ရက်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

2011.04.22
assk_t-shirt_nld_youth_305_z.png ‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

“အဲဒီဥစ္စာက လူငယ်ကွန်ရက်ကလည်း လုပ်တယ်။ ကျနော်တို့ကိုလည်း ပြတော့ ကျနော်တို့က သဘောကျတယ်၊ သဘောလည်း တူတယ်။ ဒါကြောင့် သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ဝိုင်းလုပ်နေကြတယ်။ ကျနော်တို့ အင်တာနက်ထဲမှာ အဲဒီက ပုံစံ ဆွဲထုတ်ပြီး လက်မှတ်ထိုးလို့ရအောင် တင်ထားပြီးပါပြီ။ လက်မှတ်ထိုးတဲ့ အရေအတွက်တော့ ကျနော်တို့ လိုချင်တယ်”

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအဝင် မြန်မာ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ ပြည်ပရောက် မြန်မာတွေ မိမိနိုင်ငံကို အေးချမ်းစွာ ပြန်လာနိုင်ရေး ဆိုတဲ့ အချက် (၃) ချက်ကို နိုင်ငံတော်သမ္မတ အနေနဲ့ ဖြေရှင်းပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို လူငယ် ကွန်ရက်အဖွဲ့တွေက တိုင်းနဲ့ ပြည်နယ်အလိုက် ပြုလုပ်နေကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာတွေ ပါဝင်ကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

သမ္မတဆီ ပေးပို့မယ့် စာနမူနာပုံစံနဲ့ လက်မှတ်ထိုးရမယ့် ပုံစံကိုလဲ NLD Website မှာ ဖော်ပြထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

စုဆောင်းရရှိတဲ့ လက်မှတ်တွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေက တဆင့် နိုင်ငံတော်သမ္မတဆီ ပေးပို့ကြဖို့ NLD က တိုက်တွန်းထားပြီး ရရှိတဲ့ လက်မှတ် အရေအတွက်ကိုလည်း NLD ရုံးချုပ်ကို အကြောင်းကြားပါလို့ ဆိုပါတယ်။

အခု လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပါဝင် လက်မှတ်ထိုးပြီးပြီလို့ RFA က တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အမေးအဖြေကဏ္ဍမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-23 00:59

အဲ့ဒိမွာ လက္မွတ္ထိုးဖို႕ေဖာင္ကို ဘယ္ကေနသြားယူရမွာလဲ?