NLD လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်း တိုက်ခိုက်ခံရ
2015.10.29

လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ကနေ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင် မယ့်၊ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဟာ မနေ့ညပိုင်းက သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေချိန်မှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အတွက် ရန်ကုန်ပြည် သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသခံယူနေရပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင်တစ်ယောက်ကို လူတစ်ယောက်က ဝင်ရောက် ထိုးကြိတ်ရိုက်နှက်ရာမှာ ဦးနိုင်ငံလင်း က တားဆီးကာကွယ်စဉ်အတွင်း ဓါးနဲ့အခုတ်ခံ ရတာလို့ အဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။
"လူတစ်ယောက်က ဘာဖြစ်လို့မင်းကထိုးတာလဲဆိုတော့ ခုံနဲ့ရိုက်သွားတယ်၊ ရိုက်တော့ ကျနော်တို့ဖက် လူနာတော့လည်း ကျနော်တို့က သူ့နောက်ကို လိုက်တာပေါ့၊ လိုက်တော့ လမ်းထဲဝင်ပြေးသွားပြီး၊ ကျနော်တို့ အုပ်စုကို ပြန်ဆွဲခေါ်လာပြီးလှည့်လာတော့ ဓါးနဲ့အဲ့တစ်ယောက်ကထွက်လာပြီး ကျနော်တို့ကို လိုက်ခုတ်ပါတယ်၊ မဲမဲမြင်ရာလိုက်ခုတ်နေတော့ ကျနော်တို့လည်း ကိုယ်လွတ်ရုန်းပြီးပြေးတာ၊ ဦးနိုင်ငံလင်းက တိုင်းကပါလာတဲ့ အကိုတစ်ယောက်ကို လုပ်နေတာမြင်တော့ ပြေးပြီးဝင်လုံးတာ၊ ဝင်လုံးတော့ ဦးနိုင်ငံလင်းက ဝင်းစတိုးဆိုင်ရှေ့ မှာ နှစ်ယောက်လုံးရင်းနဲ့ ခုတ်ခံရတာ၊ တောက်လျှောက်ခုတ်နေတာ ဦးနိုင်ငံလင်းကို၊ အဲ့တော့ဦးနိုင်ငံလင်းကို ဝင်ဆွဲထုတ်လိုက်တော့ အဲ့ကောင်က တော်တော်နဲ့ မပြီးသေးဘူး၊ ဓါးနဲ့လမ်းလျှောက်နေသေးတယ်၊ ၅ မိနစ်၊ ၁ဝ မိနစ်လောက်နေတော့ ရဲကားရောက်လာတယ်"
သာကေတမြို့နယ် မာန်ပြေရပ်ကွက် ၉ လမ်းထိပ်မှာ အောင်နိုင်ရေးကားကို စောင့်ဆိုင်း နေစဉ် ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်သူ သုံးဦးဖြစ်ပြီး၊တစ်ဦးက ဓါးနဲ့ နောက်နှစ်ဦးက တုတ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး၊ အခုအခါ ကျူးလွန်သူ နှစ်ဦးကို သာကေတမြို့နယ် ရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ကျူးလွန်သူတွေက ဘာကြောင့်တိုက်ခိုက်ခဲ့ကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရွေးကောက် ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဒေါ်သန္တာမော်ကတော့ အခုလို ပြောပါတယ်။
"ပထမတစ်ခေါက် ဝင်တုန်းကလည်း ဒီနေ့မဟုတ်ဘူး၊ မာန်ပြေ ၈ လမ်းမှာ အဲ့ဒီအိမ်ကဘာရေးထားလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်းတွေ လာရောက်မိတ်ဆက်ရင် ဓါးနဲ့ ခုတ်မယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုအကြီးကြီးတင်ထားတယ်၊ အခုက မာန်ပြေလမ်းမကြီးပေါ်မှာဖြစ်သွားတာ၊ သူတို့လမ်းထဲကိုလည်းမဝင်ပါဘူး၊ အဲ့ချိန်မှာ အဲ့အိမ်ကလူတွေကထွက်ပြီး ဓါးနဲ့ခုတ်တယ်ဆိုတာတော့ အဲ့ပတ်ဝန်းကျင်ကပြောလို့ ကျမတို့သိပါတယ်၊ အားလုံး ၃ ယောက်၊ တုတ်နဲ့ရိုက်တာက ၂ ယောက်၊ ဓါးနဲ့ခုတ်တာက ၁ ယောက်"
ဦးနိုင်ငံလင်းမှာ ဦးခေါင်းနဲ့ လက်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ခွဲစိတ်ကုသ ခံ နေရပါတယ်။
လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ နောက်ထပ်ခွဲစိတ်ရဦးမယ်လို့ ဦးနိုင်ငံလင်း ရဲ့ ဇနီးဖြစ်သူက ပြီးခဲ့တဲ့ နာရီပိုင်းက RFA ကို ပြောပါတယ်။
"လောလောဆယ်တော့ ခွဲစိတ်ခန်းထဲကနေ ထွက်လာပြီးတော့ အရေးပေါ်ခန်းမှာပဲနေရသေးတယ်၊ တနင်္လာနေ့ကျရင် တစ်ခါခွဲစိတ်မယ် လို့ ပြောပါတယ်၊ သက်သာတယ်လို့တော့ ပြောလို့မရသေးဘူး၊ ထပ်ပြီးခွဲစိတ်ရဦးမှာဆိုတော့"
ဦးနိုင်ငံလင်းဟာ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး NLD ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာတစ်ဦးဖြစ်သူ ဒေါ်သန္တာမော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တွေ့ဆုံမေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။