နေပြည်တော်က NLD ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲ တိုက်ခိုက်ခံရ


2015.10.18
u-minthu-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့က စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဇီးဖြုကုန်းရွာမှာ ဒီနေ့မနက်က မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ အဖွဲ့ကို ဒေသခံကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မိသားစုတစ်စုက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးညွန့်တင်ဆိုသူနဲ့ မိသားစုဝင်တွေက မော်တော်ဆိုင်ကယ်တွေနဲ့ ဝင်တိုက်သလို၊ လောက်လေးခွတွေ နဲ့လည်း ချောင်းမြောင်းပစ်ခတ်တဲ့အတွက် NLD ပါတီဘက်က အမျိုးသားတစ်ဦး ရင်ဘတ်ကို လောက်စာလုံး ထိမှန်ခဲ့သလို၊ အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းမှာလည်း ထိခိုက်နာကျင်သွားတယ်လို့ မဲဆွယ်ပွဲမှာ လိုက်ပါသွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"ဦးညွန့်တင်က ကြားရတဲ့တာတွေအရဆိုရင် ကြံ့ခိုင်ရေး ပါတီဝင်တစ်ယောက်ဖြစ်တယ်၊ သူနဲ့ သူ့ရဲ့သား သမီးတွေ ကျန်တဲ့အဖွဲ့ဝင်တွေဟာ ရွာထဲမှာဟောပြောမှုမလုပ်ဖို့ တားဆီးပိတ်ပင်တယ်၊ အဲ့ဒါအပြင် အဖွဲ့ဝင်တွေ ကို ဆိုင်ကယ်တွေနဲ့ သားကတစ်ကြိမ်၊ သမီးကတစ်ကြိမ် ပွတ်တိုက်တာတို့ တိုက်ခိုက်တာတို့လုပ်တယ် ၊ လောက်လေးဂွတွေနဲ့ ပစ်ခတ်တာတွေရှိတယ်၊ အဖွဲ့ဝင်တစ်ယောက်ဟာ ဆိုင်ကယ်ပွတ်တိုက်သွားတဲ့ အခါတော့ လက်မောင်းဒဏ်ရာရတာရှိပါတယ်၊ နောက်အမျိုးသားတစ်ယောက်လည်း လောက်လေးဂွ တစ်လုံး အပစ်ခံရပြီး နောက်မှာထိခိုက်တာရှိပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ အချင်းများမှာကို မလိုလားတဲ့အတွက် ရုန်းရင်းဆန်ခတ်မဖြစ်စေချင်တဲ့အတွက် အေးအေးချမ်းချမ်းပေါ့လေ ပြန်လည့်ပြီးတော့ ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာဥပဒေအရ အရေးယူဖို့ အမှုဖွင့်တိုင်ကြားထားပါတယ်"

ဒီကိစ္စကို သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမဲ့၊ ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေကို တနင်္ဂနွေနေ့ ညနေပိုင်းအထိ အရေးမယူသေးဘူးလို့ ဦးမင်းသူ က ပြောပါတယ်။

အဲ့ဒီ ဇီးဖြူကုန်းရွာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းတို့ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲအတွက် သွားရောက်ခဲ့တာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီဒေသတဝိုက် မဲဆွယ်စည်းရုံးရေးအတွက် ရက်ပေါင်း ၆ဝ အစီအစဉ်ကို သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အကြောင်းကြားထားသလို၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲဆွယ်စည်းရုံးနေတာဖြစ်တယ် လို့လည်း ဦးမင်းသူက ပြောပါတယ်။

NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူ ကို ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။