ပြည်ခိုင်ဖြိုး အမတ်လောင်းကို NLD အမတ်လောင်းက အမှုဖွင့်
2015.09.06

လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း လည်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ဝ ကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင် မယ့် လယ်/ ဆည် ညွန်ချုပ်ဟောင်း ဦးကျော်ဝင်းတို့ကို NLD ပါတီ က ဒီကနေ့ ဒက္ခိဏသီရိမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
အမှုဖွင့်သူ ဒက္ခိဏသီရိမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်း က အမှုဖွင့်တဲ့အကြောင်း အခုလို ပြောပါ တယ်။
"အဲ့လိုပေးဝေတဲ့ ကိစ္စက ဦးကျော်ဝင်းရဲ့ဆောင်ရွက်မှုတွေက ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးမြင့်လှိုင်အတွက် ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့်ရရှိစေရန်အလို့ငှာ ပစ္စည်းကိုအသုံးပြုပြီး လာဘ်ပေးခြင်း ကိုဆောင်ရွက်ခြင်းလို့ ယူဆတဲ့အတွက်ကြောင့် ကျနော်အမှုဖွင့် ရခြင်းဖြစ် ပါတယ်၊ ကျနော်ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်က တရားလိုဖြင့်တိုင်တန်းသွားမှာပါ"
အဲဒီအမှုကို စခန်းက လက်ခံထားပေမယ့် ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနဲ့ သက်ဆိုင်ရာ အထက်ဆင့်ကို ဆက်လက်တင်ပြထားတယ်လို့ စခန်းမှူး ဒုရဲမှူး ဦးစိုးဝင်းက အခုလို ပြောပါတယ်။
"လက်ရှိအခြေအနေအရ ကျနော်တို့က မြို့နယ်ကော်မရှင်ကိုတင်ထားတယ်၊ ကျနော်တို့က ဘယ်သူတိုင်တိုင် တိုင်တာကိုလက်ခံတယ်၊ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ အဆင့်ဆင့်ကိုတင်ပြမယ်"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်က လည်/ဆည် ညွန်ချုပ်(အငြိမ်းစား) ဦးကျော်ဝင်းဟာ ဒက္ခိသီရိမြို့နယ် ကျေး ရွာတွေက ဒေသခံတွေကို သူနဲ့ ဦးမြင့်လှိုင် ကို မဲပေးဖို့ ထီးတွေ၊ ယပ်တောင်တွေမှာ စာရေးပြီး ဝေခဲ့သလို ကျောင်း သုံးပရိဘောဂတွေ၊ ဆန်တွေ၊ ဆီတွေကို ပေးဝေခဲ့တာ ဖြစ်ပါတယ်။
ပေးဝေခဲ့တဲ့အစိမ်းရောင် ထီးတွေမှာ"တို့အတွက်အမှန်တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို တို့အားလုံးထောက်ခံဆန္ဒမဲပေးကြပါစို့၊ ပြည်သူ့ထံမှ ပြည်သူ့ထံသို့ "ဆိုပြီး စာသားတွေ ပါဝင်ပါတယ်။