မဲဆွယ်စရိတ် အချိန်မီ တင်သွင်းကြဖို့ NLD ဌာနချုပ် တိုက်တွန်း


2015.11.14
nld-campaign-taunggyi-620.jpg တောင်ကြီးမြို့မှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ မဲဆွယ်စဉ်
Photo: Khun Yarzar/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်တွေကို နားလည်တတ်ကျွမ်းတဲ့ စာရင်းစစ်တွေနဲ့ စာရင်းပြုစုပြီး သတ်မှတ်ချိန်အတွင်း တင်သွင်းဖို့ ပါတီဗဟိုဌာနချုပ်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေထဲမှာ အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့မညီလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပယ်ချခံရသူ ၈၀ ကျော်ရှိတာကြောင့် ရွေးကောက်ပွဲအသုံးစရိတ် တင်ပြဖို့ဟာ အရေးကြီးတယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပြောပါတယ်။

"၁၉၉ဝ ခုနှစ်မှာ ကျနော်တို့ ကိုယ်စားလှယ်လောင်းက ၄ဝဝ နီးပါးလောက်နိုင်တယ်၊ အဲဒီ့ ၄ဝဝ နီးပါးမှာ ၂ဝဝ နီးပါးက ထောင်ထဲကျသွားတယ်၊ ကျန်တဲ့လူတွေကို ငွေစာရင်းနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်တာ ၈ဝ ကျော်လောက်ရှိတယ်၊ အဲ့ဒါမျိုးမဖြစ်အောင် တိုက်တွန်းနှိုးဆော်နေတာပါ၊ ရွေးကောက်ပွဲမဝင်ခင် စည်းရုံးရေး မစခင်ကတည်းက သူတို့ကို ငွေစာရင်းနဲ့ပတ်သက်လို့ သင်တန်းတွေပေးပြီးသား အခုကျနော်တို့ရုံးချုပ် ကနေပြီးတော့ လိုအပ်တဲ့နေရာတွေ ကူညီတာရှိပါတယ်၊ ဒါကြောင့် အရေးကြီးတယ်ဆိုပြီး နှိုးဆော်တဲ့ စာထုတ်ရတာပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစရိတ်ထဲ ထည့်သွင်းတွက်ချက်ဖို့ ညွှန်ကြားထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ငွေကျပ် သိန်းတစ်ရာထက် ကျော်လွန်သုံးစွဲခွင့်မရှိကြောင်း ရွေးကောက်ပွဲနည်းဥပဒေတွေမှာ ကန့်သတ်ထားပြီး အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ကိုယ်စားလှယ်လောင်းအားလုံးဟာ ရွေးကောက်ပွဲရလဒ် ကြေညာ ပြီးနောက် တစ်လအတွင်း ကုန်ကျစရိတ်တွေကို တင်သွင်းရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲအသုံးစရိတ် ကျော်လွန်သုံးစွဲမှု၊ သတ်မှတ်ကာလအတွင်း အသုံးစရိတ်ရှင်းတမ်း မတင်ပြမှုတို့ကြောင့် ကိုယ်စားလှယ်တချို့  အရည်အချင်းပျက်ယွင်းကြောင်း ထုတ်ပြန်ကြေညာခံခဲ့ရပါတယ်။

အဲဒီလိုကြေညာခံရသူဟာ နောက်လွှတ်တော်သက်တမ်းတစ်ခုအတွက် ရွေးကောက်ခံခွင့်မရှိသလို ရွေးချယ်ခံရ ပြီးချိန်ဆိုရင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရနိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။