တတ်သိပညာရှင်တွေ NLD ကိုယ်စားလှယ်လောင်း လျှောက် ထား
2015.07.21

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် တတ်သိပညာရှင်တွေကို ဖိတ်ခေါ်ထားရာမှာ ပညာရေးကွန်ရက် NNER က ဒေါက်တာသိန်းလွင်တို့လို ပုဂ္ဂိုလ်တွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်သလို အရင်ရွေးကောက်ပွဲတုန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယှဉ်ပြိုင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအုန်းမောင်ရဲ့ သား ဒေါက်တာမင်းမြင့် တို့က အဆိုပြုလွှာတွေ တင်ထားကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါက်တာမင်းမြင့်က အခုလို ပြောပါတယ်။
"ဒီမိုကရေစီ ပြည်ထောင်စုသမ္မတနိုင်ငံတော် ဆက်လက်ထူထောင်တဲ့အခါမှာ တိုင်းရင်းသားပြည်သူ အားလုံး တောင့်တမျှော်လင့်နေတဲ့ ဒီမိုကရေစီရရှိဖို့ကို တဖက်တလမ်းက ဆောင်ရွက်ချင်တဲ့ကဏ္ဍရှိတယ်ပေါ့၊ အဲ့ဒါကြောင့် ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ခဲ့တာပေါ့"
ဒေါက်တာမင်းမြင့်ဟာ ပြီးခဲ့တဲ့၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ရွေးချယ်ခံခဲ့ရာမှာ ရှုံးနိမ့်ခဲ့ တာဖြစ်ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနရဲ့ ပါမောက္ခဟောင်း ဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေးဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာသန်းဝင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဌ ဦးစိုးသူရထွန်း၊ မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ဒေါက်တာ သိန်းလွင်၊ ရွှေနန်းတော် ရတနာဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင်နဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင် တို့ကလည်း အန်အယ်လ်ဒီပါတီ ကနေ ရွေးကောက်ပွဲဝင်ဖို့ အဆိုပြုလွှာတင်ထားကြတယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီပါတီဟာ သက်ဆိုင်ရာ မြို့နယ်တွေထံတင်ထားတဲ့ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေကို ပါတီဗဟိုထံ လာမယ့် ဇူလိုင် ၂၃ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရမှာဖြစ်ပါတယ်။ အဲဒီအဆိုပြုလွှာတွေထဲကမှ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံတင်မယ့် ကိုယ်စားလှယ်လောင်းကို NLD ပါတီဗဟိုကနေ ရွေးချယ်မှာဖြစ်ပါတယ်။
ဒေါက်တာမင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မန္တလေးဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာသန်းဝင်းကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ရွှေနန်းတော် ရတနာဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင်ကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။