ကချင်အထူးဒေသ ၁ နယ်မြေမှာ NLD ကိုယ်စားလှယ်လောင်းတွေ ရိုက်နှက်ခံရ


2015.10.13
panwah-bgf-1002-620.JPG မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်လက်အောက်ခံ အစိုးရရဲ့နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဋ္ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးသွားရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ ပါတီဝင် ၄ ဦး စုစုပေါင်း ၇ ဦးကို တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာမှာ မနေ့ည ၈ နာရီမှာ လက်နက်ကိုင်လူတစ်စုက ရိုက်နှက်ခဲ့ပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီကန်းဖန့်ရွာကနေ ညတွင်းချင်းပြန်လာခဲ့ရတဲ့ NLD ပါတီရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက သူတို့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ချီဖွေမြို့ကနေ ဒီနေ့ညနေပိုင်းမှာ RFA ကိုဆက်သွယ်ပြောပါတယ်။

"ကျနော်တို့ရဲ့ စက်တွေအကုန်လုံး ရိုက်ခွဲလိုက်တယ်ဗျာ၊ အကုန်လုံး ပရိုဂျက်တာတွေလည်း ရိုက်ခွဲလိုက်တယ်၊ အောက်စက်တွေလည်း ရိုက်ခွဲလိုက်တယ်၊ ယူပီအက်စ်တွေလည်း ရိုက်ခွဲလိုက်တယ်၊ ကိုယ်စားလှယ်လောင်းတွေပါ အထိုးခံလိုက်ရတယ်၊ နောက်လည်ပင်းညှစ်ခံလိုက်ရတယ် အကန်ခံလိုက်ရတယ် အဲ့လိုတွေဖြစ်ခဲ့တယ်ဗျ၊ ဦးဇခုန်တိန့်ယိန်းရဲ့သား ဇခုန်ယိန်းဆောင်ဆိုတာ သူတို့ကြီးစိုးခဲ့တဲ့နေရာဖြစ်နေတယ်၊ အဲ့အပေါ်မှာ သူတို့လူမိုက်ငှားပြီး အတိအကျလုပ်တယ်ဆိုတာ လခုန်ယိန်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ သူတို့လုပ်ပါတယ်ဆိုပြီးမှ ကျနော်တို့ကို အဲ့အတိုင်းပြောတယ်ဗျ၊ ညတွင်းချင်းကို ချက်ချင်းပြန်ခေါက် မင်းတို့မျက်နှာတွေကို မမြင်ချင်ဘူး၊ အလံတွေအကုန်လုံးဆွဲဖြဲ အလံတွေရောချိုး ကားမှာပါတဲ့အလံတွေရော ဆိုင်ကယ်တွေဆိုလည်း တုန်းလုံးပက်လက် ကျနော်တို့ဆီကလူတွေ အဲ့လိုဖြစ်ခဲ့ရတယ်ဗျ၊ အကုန်လုံး ရိုက်ချိုးဖျက်ဆီးလိုက်တဲ့အခါကျတော့ ကျနော်တို့တစ်ခုမှလည်းပြန်မရဘူး၊ ဒီအတိုင်း ကိုယ်လွတ်ရုန်းပြီးပြန် လာရတယ်"

သူတို့အနေနဲ့ ချီဖွေမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖို့စီစဉ်နေတယ်လို့ ဦးကျော်ကျော်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ တာဝန်ရှိသူတွေကိုတော့ RFA ကလောလောဆယ် ဆက်သွယ်မေးမြန်းလို့ မရရှိသေးပါဘူး။

ဒီကိစ္စဟာ ရာဇဝတ်မှုဖြစ်တဲ့အတွက် ရဲစခန်းမှာအမှုဖွင့်ပြီး တရားစွဲဆိုရမှာဖြစ်တယ်လို့ မြစ်ကြီးနား ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကလည်း ချီဖွေမြို့နယ် ပန်ဝါမြို့မှာ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်ဟောပြောပွဲတွေမလုပ်ဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်ခဲ့ပါတယ်။

အဲ့ဒီလိုအခြေအနေတွေကြောင့် စက်တင်ဘာ ၂၉ ရက်နေ့မှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဦးဇခုန်တိန့်ယိန်းကို ခေါ်ယူပြီး ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ နဲ့ဆွေးနွေးခိုင်းခဲ့ပါတယ်။

ပန်းဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခုအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။