NLD ကိုယ်စားလှယ်လောင်း အမည်စာရင်း ဇူလိုင် ၂၉ မှာ ထုတ်ပြန်မည်


2015.07.28
unyanwin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မနက်ဖြန် ဇူလိုင် ၂၉ ရက်ကစပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းနဲ့တကွ သူတို့ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေစာရင်းများကိုပါ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"မနက်ဖြန်ညနေကစပြီးတော့ ပြီးသလောက်ကို ထုတ်ပေးမယ်၊ ရွေးချယ်ပြီး NLD ကိုယ်စားလှယ်အဖြစ် လက်ခံပြီဆိုရင် ဒီလူတွေဟာ NLD ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာချက်ထုတ်မယ်"

NLD ပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကို ပါတီဝင်မဟုတ်တဲ့ ပြင်ပက တတ်သိပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က စိစစ်ရွေးချယ်ဆောင်ရွက်နေတာဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံအတွက်အကျိုးပြုနိုင်တဲ့ အရည်အချင်းရှိသူတွေသာ ရွေးချယ်တာဝန်ပေး မှာဖြစ်ကြောင်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ပြုလုပ်တဲ့ ဟောပြောပွဲ မှာ ပြောကြားထားပါတယ်။

ဒီအတောအတွင်း လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ဟာ ဒီနေ့အထိ ၆၈ ဦးသာ ရှိသေးတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖံ့ွဖြိုးရေးပါတီက ၇ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၆ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၇ဦး၊ ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီက ၇ဦး၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက ၃ဦး၊ ကရင်ပြည်သူ့ပါတီက ၄ဦး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)က ၁ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၂ဦး၊ ပြည်သူ့ဒီမိုကရေစီပါတီက ၁ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ၁ဦးနဲ့ တစ်သီးပုဂ္ဂလ ၁၈ ဦးတို့ ပါဝင်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို စိစစ်နေဆဲကာလဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင် ကြမယ့်စာရင်းကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ သြဂုတ်လ ၈ ရက်နေ့မတိုင်ခင် ကော်မရှင်ထံ အပြီးသတ်တင်ပြကြရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။